ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာမှာ ဧပြီ ၇ ရက် မနက်ပိုင်းက ရေတွင်းတူးစဉ် မြေပြိုကျမှု ဖြစ်ပွားတဲ့အတွက် တဦးသေဆုံးပြီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မြေစာပုံအနီး ရေတွင်းတူးစဉ် မြေစာပုံ အိပြီးပြိုကျရာက ရေတွင်းတူးဖော်သူ အမျိုးသားတဦး သေဆုံးပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “ရေတွင်းတူးနေတာက မြေစာပုံအနားမှာ။ ရေတွင်းတူးပြီး ပုံထားတဲ့ မြေစာတွေ အိပြီး ပြိုကျတာ။ တူးနေတဲ့အထဲက တယောက်ကတော့ မြေစာပုံပိပြီးသေတယ်။ နောက်တယောက်က ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
ရေတွင်းတူးစဉ် မြေစာပုံ ပြိုကျခဲ့တဲ့အတွက် အသက် ၃၀ ခန့် အမျိုးသားတဦး မြေစာပုံပိ သေဆုံးခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦးကတော့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ မြေစာပုံပြိုကျတာ၊ နွံကန်ပေါက်ထွက်တာ၊ စွန့်ပစ်မြေစာများမှ ကျောက်ခဲ လွင့်စဉ်ထိမှန်တာတွေကြောင့် လူသေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ မတ် ၄ ရက်ကလည်း မှော်စီစာကျေးရွာမှာ မြေစာသွန်ချိန် ကျောက်ခဲထိမှန်ခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။