အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရှန်းရှန်းဟာ ဂျပန်နိုင်ငံရဲ့ အနောက်တောင်ပိုင်းကို မိုးပြင်း လေပြင်းတွေနဲ့ ချဉ်းကပ် ဝင်ရောက်လာတာကြောင့် ဂျပန်နိုင်ငံဟာ သြဂုတ် ၂၈ ရက်မှာ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး လေကြောင်းလိုင်းတွေနဲ့ ရထားကုမ္ပဏီတွေဟာ လာမယ့်ရက်တွေအတွင်း တချို့ခရီးစဉ် ဝန်ဆောင်မှုတွေကို ဖျက်သိမ်းခဲ့ပါတယ်။
အလွန်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဖြစ် အမျိုးအစား ခွဲထားပြီး လေတိုက်နှုန်းက တနာရီလျှင် ၁၁၂ မိုင်နှုန်းရှိပြီးတော့ လေပြင်းတိုက်နှုန်းဟာ တနာရီလျှင် ၁၅၇ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။
တိုင်ဖွန်းရှန်းရှန်းဟာ လာမယ့်ရက်အနည်းငယ်အတွင်း ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျူရှူးကျွန်းကို ဝင်ရောက်တိုက်ခတ်နိုင်ပြီး သီတင်းပတ်ကုန်ပိုင်းမှာ မြို့တော်တိုကျို အပါအဝင် အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကို ချဉ်းကပ်နိုင်ဖွယ်ရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့ပါတယ်။
ကျူရှူးကျွန်းရှိ ကာဂိုရှီးမား စီရင်စုနဲ့ အလယ်ပိုင်း အိုက်ချိ နဲ့ ရှိဇုအိုကာ စီရင်စုတို့မှ နေထိုင်သူ ၈ သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်နိုင်ငံအလယ်ပိုင်းမှာ တိုင်ဖွန်းရှန်းရှန်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာကနေ မြေပြိုမှု ဖြစ်ပွားခဲ့လို့ သြဂုတ် ၂၈ ရက်မှာ လူ ၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
သြဂုတ် ၂၇ ရက်က အိုက်ချိစီရင်စု ဂါမာဂိုရီမြို့မှာ ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်လောက်မှာ မိသားစု ၅ ဦးဟာ ရွှံ့တွေ၊ အမှိုက်တွေအောက်မှာ နစ်မြုပ်သွားခဲ့ရာမှာ ၁ ဦးက ဒဏ်ရာ အပြင်းအထန်ရထားပြီး ၃ ဦး ပျောက်ဆုံးခဲ့ပါတယ်။
သြဂုတ်လ ၂၆ ရက် မွန်းလွဲပိုင်းက စတင်ပြီး မိုးရွာသွန်းခဲ့တာကနေ အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီအထိ မိုးရေချိန် ၅ လက်မခွဲလောက် ရွာချခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီပမာဏဟာ ဩဂုတ်လရဲ့ ပျမ်းမျှမိုးရေချိန်ထက် ကျော်လွန်ခဲ့ကြောင်း အများပိုင်ရုပ်သံလိုင်း NHK က ဆိုပါတယ်။
လက်ရှိမှာ ဂျပန်နိုင်ငံရဲ့ မြေပြင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ပျောက်ဆုံးမိသားစုဝင် ၃ ဦးကိုလည်း ရှာဖွေနေပါတယ်။
နိပွန်လေကြောင်းလိုင်း ANA ဟာ ဗုဒ္ဓဟူးနေ့မှာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှ ဆိုက်ရောက်/ထွက်ခွာဖို့ စီစဉ်ထားတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ် ၁၁၀ ကို ဖျက်သိမ်းဖို့ စီစဉ်ထားတာကြောင့် ခရီးသည် ၄၂၀၀ ဝန်းကျင် ထိခိုက်ခဲ့ကြောင်း အများပိုင်ရုပ်သံလိုင်း NHK က ပြောပါတယ်။
ပြိုင်ဘက် ဂျပန်လေကြောင်းလိုင်းကလည်း ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ ပြည်တွင်း လေကြောင်းခရီးစဉ် ၈၀ ကို ဖျက်သိမ်းဖို့ စီစဉ်နေကြောင်း သတင်းပေးပို့ချက်အရ သိရပါတယ်။
Source-Reuters