Home
မြန်မာသတင်း
ရန်ကုန်တိုင်း မြို့နယ်တချို့တွင် ဘေးတွဲမောင်းသူများကို ​ပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်ခိုင်းနေ
DVB
·
August 28, 2024

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ထည့်သွင်းထားပြီး ဆိုင်ကယ်တွေမှာ ‘ပသလခရ’ လို့ ရေးထားတဲ့ စတေကာတွေ ကပ်ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီရက်ပိုင်းအတွင်း ရပ်ကွက်အလိုက် ဘေးတွဲဆိုင်ကယ်မောင်းသူတချို့ကို အုပ်ချုပ်ရေးမှူးရုံးတွေက ခေါ်ယူစည်းရုံးပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ဝင်ရောက်ခိုင်းနေတာလို့ ဆိုပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ဝင်တဲ့ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးမခံရအောင် အာမခံပေးထားပြီး ဆိုင်ကယ်တွေရဲ့ခေါင်းမှာ ‘ပသလခရ’ စာတန်းနဲ့ နံပါတ်စဥ်၊ ရပ်ကွက်အမည်ပါတဲ့ အပြာရောင်အောက်ခံ စတေကာတွေ ကပ်ပေးထားတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှ ဘေးတွဲဆိုင်ကယ်မောင်းသူတယောက်က “မဝင်တဲ့သူက မဝင်ပါဘူး။ တချို့ကတော့ သူ့အကြောင်းနဲ့သူပေါ့။ လောလောဆယ်တော့ ဘာမှ တာဝန်တိတိပပ ပေးထားတယ် မကြားသေးဘူး။ ပြည်သူ့လုံခြုံရေးအဖွဲ့ထဲပါတဲ့ ဆိုင်ကယ်တွေကိုတော့ စတေကာတွေ ထုတ်ပေးထားတယ်” လို့ ပြောပါတယ်။

လိူင်သာယာနဲ့ ဒဂုံလေးမြို့နယ်မှာလည်း ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို အခုလို ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ထည့်ဖို့ ပြောဆိုစုဆောင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လိူင်သာယာမြို့နယ်မှာ နေထိုင်သူတယောက်က “ဘေးတွဲသမားတချို့ကို အရင်ကတည်းက သတင်းပေးအနေနဲ့ မွေးထားတာရှိတယ်။ အခုတော့ ပေါ်ပေါ်တင်တင် အသုံးချမယ် ထင်တယ်” လို့ ပြောပါတယ်။

ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို ဒီနှစ်ဆန်းပိုင်းကလည်း နိုင်ငံအလံတပ်ထားဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက စေခိုင်းခဲ့သေးတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို အောက်ခြေရပ်ကွက်နဲ့ ကျေးရွာတွေအထိ ဖွဲ့စည်းဖို့ ညွှန်ကြားချက်တွေ ထုတ်ထား​ပြီး ခပ်မြန်မြန် အကောင်အထည်ဖော်လာတာလို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့တွေအနေနဲ့ မြေပြင်သတင်းတွေ ထောက်လှမ်းစုဆောင်းတာ၊ လုံခြုံရေးအပိုင်း တာဝန်ပေးအပ်ခံရတာတွေအပြင် သူတို့ကို လက်နက်တပ်ဆင်ပေးမယ့် အခြေအနေတွေ ရှိနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013