Home
မြန်မာသတင်း
ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံမည်
DVB
·
June 6, 2024
စာသင်ကျောင်းတခုမှ ကလေးငယ်များအားတွေ့ရစဉ်

အခုပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံရေး သီတင်းပတ် ကုန်ဆုံးသွားပေမဲ့ အခုလကုန်အထိ ကျောင်းအပ်လက်ခံသွားမယ်လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက သိရပါတယ်။

၂၀၂၄-၂၅ ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၃ ရက်ကနေ ၃၁ ရက်အထိ ပြုလုပ်ခဲ့ပြီး အခုအခါ ဇွန် ၃ ရက်ကစပြီး ကျောင်းတွေ စတင်တက်ရောက်နေပြီ ဖြစ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံဖို့ နောက်ကျနေတဲ့ ကျောင်းသားကျောင်းသူတွေကို ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံပေးသွားမယ်လို့ ရန်ကုန်တိုင်း ပညာရေးမှူးရုံးမှ အရာရှိတဦးက ပြောပါတယ်။

“ဒီနှစ်လည်း နေရာတချို့မှာ ကျောင်းတွေက မဖွင့်နိုင်သေးဘူး။ တိုက်ပွဲဖြစ်နေရာတွေက စစ်ရှောင်ကျောင်းသားတွေကလည်း ရန်ကုန်၊ မန္တလေး၊ တခြားနေရာတွေက နယ်မြေတည်ငြိမ်တဲ့ ဆက်စပ်နေရာတွေကို ရှောင်ရတာမျိုးတွေရှိတော့ ဒီလကုန်အထိ လက်ခံပေးရမယ်လို့ ညွှန်ကြားထားတာပါ။ စာရွက်စာတမ်း လိုအပ်ချက်ရှိရင်လည်း ပညာရေးမှူးရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပါတယ်။”

အရင်ပညာသင်နှစ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းအရေအတွက် ရာခိုင်နှုန်း ၂၀ ကျော်ကို ဖွင့်လှစ်နိုင်ခဲ့တာမရှိဘဲ အခုပညာသင်နှစ်မှာလည်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်(ကရင်နီ)၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်းက နေရာတွေမှာလည်း ကျောင်းတွေ ဆက်မဖွင့်နိုင်သေးပါဘူး။

တနိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၆,၁၇၈ ကျောင်း၊ အလယ်တန်းအဆင့်ကျောင်းပေါင်း ၁၅,၈၇၇ ကျောင်း၊ မူလတန်းအဆင့် ကျောင်းပေါင်း ၂၅,၇၀၅ ကျောင်းရှိရာ စုစုပေါင်း အခြေခံပညာအဆင့်ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းရှိတယ်လို့ ပညာရေးဌာန စာရင်းတွေအရ သိရပါတယ်။

ဒီလို ကျောင်းတွေမဖွင့်လှစ်နိုင်တဲ့ နေရာဒေသတချို့မှာတော့ NUG ရဲ့ လမ်းညွှန်မှုနဲ့အတူ ပြည်သူ့အခြေပြု စာသင်ကျောင်းတွေကို ကိုယ်ထူကိုယ်ထဖွင့်လှစ်ပြီး ပညာသင်ကြားပေးနေတာတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

အခုနှစ်မှာ ဇွန် ၃ ရက်အထိ တနိုင်ငံလုံးက အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ၆ ဒသမ ၆ သန်းကျော် ကျောင်းအပ်ထားပေမဲ့ မနှစ်ကတော့ ၇ သန်းကျော်လောက် ကျောင်းအပ်ထားတယ်လို့ ပညာရေးဌာန စာရင်းတွေမှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013