ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းတလျှောက်မှာရှိတဲ့ ဖိုက်ဘာ အင်တာနက်ကြိုးတွေကို အထက်အမိန့်ရဆိုပြီး လာရောက်ဖျက်ဆီးသွားတယ်လို့ အနီးနားမှာ နေထိုင်သူတွေက ပြောပါတယ်။
လှည်းတန်းမှာ နေထိုင်သူတဦးက “အထက်အမိန့်အရဆိုပြီး ဖျက်သွားတာ။ ဓာတ်တိုင်တွေမှာ တပ်ခွင့်မရှိလို့တဲ့။ ဒီနေ့ ဝိုင်ဖိုင်ကုမ္ပဏီတွေဘက်က ကြိုးအသစ် ပြန်သွယ်တန်းတာတွေ လုပ်နေတယ်။ ပြည်လမ်းတကြောက အင်တာနက်လိုင်းတွေလည်း ပြတ်ကုန်တယ်” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိက ဝိုင်ဖိုင်အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေအနေနဲ့ လျှပ်စစ်ဓာတ်တိုင်တွေကို အသုံးပြုပြီး ဝိုင်ဖိုင်ကြိုးတွေ မသွယ်တန်းဖို့နဲ့ ပြန်လည်ဖြုတ်သိမ်းဖို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပြီးနောက် မဖြုတ်သိမ်းရသေးတဲ့ ဝိုင်ဖိုင်အင်တာနက်ကြိုးတွေ ဖျက်ဆီးခံခဲ့ရတာကြောင့် အခုအခါ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းတွေ ပူးပေါင်းပြီး ဝိုင်ဖိုင်ကြိုးတွေသွယ်တန်းဖို့ တိုင်အသစ်တွေကို ထူထောင်နေကြပါတယ်။
ပြည်လမ်းလိုပဲ မနှစ်ကလည်း ရန်ကုန် မြို့နယ်တချို့က ဓာတ်တိုင်မှာ သွယ်တန်းထားတဲ့ ဖိုက်ဘာကြိုးတွေကို စစ်ကောင်စီက ဓားနဲ့ခုတ်ဖြတ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။