ရန်ကုန်တိုင်းမှာ ဇွန် ၂၈ ရက်နေ့က စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းပြီးသူတွေဟာ စစ်မှုထမ်းစာရင်း ကောက်ခံချိန်က ကတိပေးထားသလိုမျိုး သက်ဆိုင်ရာမြို့နယ်တွေမှာ ပြန်လည်တာဝန်မထမ်းဆောင်ရဘဲ စစ်ဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာတွေကို ပို့ဆောင်ခံရမှာ ဖြစ်တယ်လို့ စစ်မှုထမ်းစုဆောင်းခံလိုက်ရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
မိသားစုဝင်တယောက်က “သူတို့ ပြောထားတာက သိပ်မစိုးရိမ်နဲ့၊ ဒီအတိုင်းနေလိုက်ရင် ဘာမှရမှာလည်း မဟုတ်ဘူး။ ဒီလိုဝင်လိုက်ရင် ၃ သိန်းရမှာ။ ပြီးရင် ကိုယ်တူကိုယ့်သားတွေက ကိုယ့်မြို့ကိုယ်ရပ်ကွက်မှာပဲ တာဝန်ထမ်းဆောင်ရမှာလို့ ပြောခဲ့တာ။ အခု ရခိုင်နဲ့ မြိတ်ဘက်တွေ၊ တောင်ကြီးကို ကျသွားပြီ။ အကုန်လုံးနီးပါးပဲ အမှတ်စဉ် ၁ မှာ တက်ပြီးသားသူတွေ။ သူတို့ ဒီနေ့မနက်မှ စစ်ကြောရေးတပ်ကို ရောက်တယ်။ ညနေပိုင်း တာဝန်တွေ ခွဲတော့မှာ သိရတာ။ အခုမှတော့ ဘာမှ လုပ်လို့ မရတော့ဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် မတ်လမှာ စစ်မှုထမ်းဆင့်ခေါ်ရေးစတင်ခဲ့ပြီး ၃ လအကြာ ဇွန် ၂၈ ရက်နေ့မှာတော့ ရန်ကုန်တိုင်း အပါအဝင် မန္တလေး၊ ဧရာဝတီ၊ ရှမ်းတောင်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့၊ မွန်ပြည်နယ် စတဲ့ ဒေသတွေမှာ အပတ်စဉ် ၁ သင်တန်းဆင်းပွဲတွေ ပြုလုပ်ခဲ့တာပါ။
ဆင့်ခေါ်ရေး ရပ်ကွက်အဖွဲ့ဝင်တယောက်က “စစ်မှုထမ်းတဲ့ ကောင်လေးတွေကို ဖုန်းဆက်တော့မှ သိတာ။ မင်းတို့က သေချာရဲ့လား၊ ငါတို့ကို ပြောထားတာက ဒီမှာပဲ ကျမယ်လို့ ပြောထားတာ။ သေချာတယ်တဲ့ ကျနော်က စစ်တွေ၊ နောက်တယောက်က မြိတ်ဆိုပြီး သိရတာ။ အပို့ခံရမှာတော့ သေချာပါတယ်။ သူတို့မိသားစုဝင်တွေက ငိုငိုရယ်ရယ်နဲ့ လမ်းထဲမှာ လျှောက်ပြောနေကြတာ။ လူတွေ အကုန်လုံးသိတယ်။ ပတ်ဝန်းကျင်က လာပြီး နှစ်သိမ့်ကြတာလည်း ရှိတယ်။ သူတို့က ပြောထားသလိုမှ မဟုတ်တာ။ ထွေအုပ်ရော ညည်းနေပြီ။ နောက်ထပ်ခေါ်ဖို့ အစည်းအဝေးပါ ပျက်သွားကြပြီ”လို့ ပြောပါတယ်။
စတင်စုဆောင်းခံရချိန်က ရန်ကုန်စစ်သင်တန်း စတက်သူတွေကို အမှတ် ၁ စစ်အခြေခံ လေ့ကျင့်ရေးတပ်မှာထားပြီး သင်တန်းဆင်းပြီးသူတွေကိုတော့ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမဘေးမှာ ရှိတဲ့ အမှတ် ၁ စစ်ကြောရေးနဲ့ တည်းခိုရေးတပ်မှာ ပြောင်းရွှေ့ထားခဲ့ပြီး ဇူလိုင်လထဲမှာ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းကို ပို့ဆောင်သွားမှာလို့ သိရပါတယ်။