မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ မန္တလေးကို စစ်ရှောင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ ကားတွေ ဇွန် ၃၀ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးပစ်ခတ်ခံရလို့ ၃ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာရသွားပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက ဒေသခံတွေ ဇွန် ၃၀ ရက်နေ့ မနက် ၄ နာရီအချိန်မှာ မိုးကုတ်မြို့ အနောက်ပိုင်းကို ထွက်ခွာခဲ့ကြပြီး စစ်ရှောင်ပြည်သူ ၁,၀၀၀ လောက်ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အိမ်ကားရှိတဲ့သူတွေ၊ ဆိုင်ကယ်သမားတွေ အကုန် အရှေ့ပိုင်း ပတ္တမြားမုန့်တိုက်နားစုပြီး မန္တလေးဆင်း ဖို့လုပ်ကြတာ။ အနောက်ပိုင်း အောင်သစ်လွင်နားရောက်တော့ ကားတွေပိတ်တယ်။ မနက်အစောပိုင်းဆိုတော့ ကျောက်ဖားကလည်း ပေးမသွားသေးဘူး။ အဲအချိန် ပစ်ခတ်ခံရပြီး ၃ ယောက်သေတယ်။ ကားပေါ်က ၃ ယောက်ကတော့ ခု ဇရပ်ကွင်းဆေးရုံပို့ထားတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့တွင်းမှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် မိုးကုတ်မြို့နေပြည်သူတွေ မန္တလေးကို စစ်ရှောင်ဖို့ ပြင်ဆင်နေကြပြီး ချောင်းကြီးအနားမှာ တိုက်ပွဲဖြစ်နေတာကြောင့် ထပ်မံပိတ်မိနေကြတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းကနေ မန္တလေးကို စစ်ရှောင်သွားမယ့်ကားတွေဟာလည်း လမ်းပိတ်ထားတာကြောင့် မိုးကုတ်ကို ပြန်လှည့်ခဲ့ရပြီး အရင်ရက်တွေက မန္တလေး ဆင်းကြတဲ့ကားတွေပဲ မန္တလေးရောက်ကြတယ်လို့ပြောပါတယ်။
မိုးကုတ်အရှေ့ပိုင်းမှာ နေထိုင်သူတယောက်က “အသိအိမ်က ကားတွေနဲ့ ဇွန် ၂၇ ရက်နေ့ကတည်းက မန်းလေးဆင်းတာ။ ဇွန် ၃၀ မနက်မှ မန္တလေးရောက်တယ်။ လမ်းမှာလည်း အိပ်ရတယ်။ အချိန်မရွေးလည်း တိုက်ပွဲဖြစ်နိုင်တယ်။ သူတို့လည်း အသံနားစွင့်ပြီးသွားရတာ” လို့ ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းကို ဇွန် ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှာ ဂွေးပင်တပ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပျဉ်ထောင်အိမ်ပေါ်လက်နက်ကြီးကျပြီး သေဆုံးခဲ့တယ်လို့လည်း နီးစပ်သူတွေဆီက သိရပါတယ်။
တိုက်ပွဲ ပြင်းထန်နေတဲ့မိုးကုတ်မြို့မှာ MPT ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်နေပြီး Telenor နဲ့ Ooredoo ပဲ အဆက်သွယ်ရတယ်လို့ သိရပါတယ်။