Home
မြန်မာသတင်း
ရွှေကျင်တွင် စစ်တပ်ဒရုန်းကြောင့် ပြည်သူ ၆ ဦးနှင့် PDF ၁ ဦးသေဆုံး
DVB
·
June 30, 2024

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ PDF စစ်ဆေးရေးဂိတ်ကို စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ယောက်နဲ့ PDF ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေကျင်မြို့နယ်၊ ကောက်မဲ့သူကျေးရွာထိပ်က PDF စစ်ဆေးရေးဂိတ်နားကို စစ်ကောင်စီက ဇွန် ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲမှာ ဒရုန်းနဲ့ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ပြီး ဂိတ်ကိုဖြတ်သွားနေတဲ့ ရန်ကုန်မြို့က စက်ပြင်ဆရာ ကိုရဲနဲ့ ကိုကောင်းထက်ကျော်၊ သူတို့ကို လာခေါ်တဲ့ ကိုချစ်မင်းသူ၊ ကိုအောင်နိုင်ဌေး၊ စောသတော၊ စောကော်မူးသ တို့ ၆ ယောက် သေဆုံးခဲ့သလို PDF တပ်ဖွဲ့ဝင် ကိုဇော်လင်းကိုကိုလည်း သေဆုံးခဲ့ပါတယ်။

မိသားစုနဲ့နီးစပ်သူတယောက်က “ရန်ကုန်က စက်ပြင်ဆရာကိုရဲနဲ့ သူ့တပည့်က ကျောက်ကြီးမှာ စက်ပြင်ဖို့သွားကြတာ။ ကျောက်ကြီးကလူ ၄ ယောက်ကလည်း ဆိုင်ကယ်နဲ့သွားကြိုပြီး ပြန်လာရင်း ကောက်မဲ့သူရွာထိပ် ဂိတ်ရောက်တဲ့အချိန် စစ်တပ်ဒရုန်းနဲ့ ဗုံးကြဲချိန်နဲ့တိုးပြီး ၆ ယောက်လုံး သေသွားတာ။ ဂိတ်မှာစောင့်နေတဲ့ PDF တဦးလည်းသေပြီး တဦးက ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၆ ဦးထဲက ကိုရဲနဲ့‌ ကိုကောင်းထက်ကျော်တို့ဟာ မြောက်ဥက္ကလာပမှာနေထိုင်ပြီး ကိုချစ်မင်းသူ၊ ကိုအောင်နိုင်ဌေး၊ စောသတော၊ စောကော်မူးသ တို့ကတော့ ကျောက်ကြီးမြို့နယ်၊ မေတ္တာရပ်ကွက်မှာ နေထိုင်ကြပါတယ်။

စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့အရပ်သားပြည်သူ ၆ ယောက်ရဲ့ အလောင်းကို ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းတွေက ကျောက်ကြီးဆေးရုံကနေ နေအိမ်တွေကို ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကလည်း ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013