ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ရှမ်းနီတရားစီရင်ရေးစာကပ်ထားပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့ အလောင်းကို ဇွန် ၂၉ မနက်ပိုင်းက တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အေးစေတီ ဘုန်းကြီးကျောင်းသွားတဲ့ လမ်းမကြီးအနီးမှာ မနက် ၆ နာရီခွဲလောက်က ရှမ်းနီတရားစီရင်ရေး စာကပ်ထားတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသားအလောင်းကို တွေ့ခဲ့ရတယ်လို့ အေးစေတီရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံ တယောက်က ပြောပါတယ်။
“မနက်အစောကြီး ဈေးသွားဈေးလာတွေ တွေ့တာ။ အသက် ၃၀ ကျော်လောက်ရှိမယ်။ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာနဲ့ လည်ပင်းကိုကြိုးချည်ရာတွေ့ရတယ်။ နောက်ပြီး ရှမ်းနီတရားစီရင်ရေးအဖွဲ့ ဆိုပြီး စာကပ်ထားတာလည်းတွေ့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ရာဒါကောင်းရပ်ကွက် သုသာန်နားမှာလည်း ဓားဒဏ်ရာနဲ့ သေဆုံးနေပြီး ရင်ဘတ်မှာ ရှမ်းနီတရားစီရင်ရေးအဖွဲ့ စာကပ်ထားတဲ့ အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရပါတယ်။
ရာဒါကောင်းရပ်ကွက်နေသူတယောက်က “ရာဒါကောင်း သုသာန်သွားတဲ့လမ်း လယ်ကွင်းနားမှာ အလောင်းတွေ့တာ။ ရင်ဘတ်၊ လည်ပင်းနဲ့ ဝမ်းဗိုက်တွေမှာ ဓားနဲ့ထိုးထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ ရှမ်းနီတရားစီရင်ရေးအဖွဲ့ စာကို ရင်ဘတ်မှာ ကပ်သွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲဖြစ်ပြီး သတ်ဖြတ်သေဆုံးသွားတဲ့ အမျိုးသားအလောင်းတွေကို လူမှုကူညီရေးအသင်းတွေက သယ်ဆောင်ပြီး ဆေးရုံကို ပို့ပေးခဲ့ပါတယ်။