မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ပြည်သူ့အခြေပြုကျောင်းတွေမှာ ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် ကျောင်းတက်ရောက်တဲ့ ကျောင်းသားကျောင်းသူ ၁၇,၀၀၀ ကျော်ရှိပြီလို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းမှာ ဇွန် ၃ ရက်နေ့ကစလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ပညာသင်ကြားရေးအတွက် ပြည်သူ့အခြေပြုကျောင်းပေါင်း ၉၈ ကျောင်းကျော် ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။
စာသင်ကျောင်းတွေမှာ CDM ဆရာ၊ ဆရာမ ၅၃၄ ယောက် အပါအဝင် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁,၆၀၀ ကျော်က စာသင်ကြားပေးနေပြီး ကျောင်းဝတ်စုံကိုတော့ အကျီအဖြူနဲ့ လုံချည်အပြာရောင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုတွေ မကြာခဏ လုပ်နေတဲ့အတွက် မူလတန်း စာသင်ကျောင်းတွေကို ကျေးရွာအတွင်းက အိမ်တွေမှာပဲ နေအိမ်အခြေပြု စာသင်ကျောင်းတွေအဖြစ် ဖွင့်လှစ်နေရတယ်လို့ ကျောင်းဆရာမတယောက်က ပြောပါတယ်။
ယောဒေသအတွင်းကို စစ်ကောင်စီတပ်က ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ကျောင်းသုံးပစ္စည်းတွေ သယ်ယူတာကို ကန့်သတ်ထားပြီး သယ်တာတွေ့ရင် သိမ်းယူတာတွေရှိတယ်လို့လည်း သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်တဲ့ ရက်တွေမှာတော့ စာသင်ကျောင်း အချို့ကို မကြာခဏ ပိတ်ထားရတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ဆိုပါတယ်။
ဒါကြောင့် ဂန့်ဂေါမြို့နယ်အတွင်းမှာ ပြည်သူ့အခြေပြုကျောင်းတွေကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ပေမယ့် ဆရာ၊ ဆရာမ မလုံလောက်တာ၊ ကျောင်းသုံးစာအုပ် မလုံလောက်တာတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။