ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို ရောက်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးနယ်က စစ်ရှောင် ၂,၀၀၀ ကျော်ရှိပြီး အခက်အခဲတွေလည်းကြုံနေရတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO ဆီက သိရပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကစပြီး ဒေသခံပြည်သူတွေဟာ ချင်းတောင်ပေါ် ဖလမ်းမြို့နယ်ထဲကို စစ်ဘေးရှောင်လာကြတာဖြစ်ပါတယ်။
ချင်းအမျိုးသားအဖွဲ့ချုပ် CNO/ CNDF တာဝန်ရှိသူက “ဖလမ်းမြို့နယ်အတွင်းမှာ ကလေးတောင်ပိုင်း မြောက်ပိုင်း ကဘော်ဘက်က စစ်ရှောင်က ၂,၀၀၀ နီးပါးရှိလာပါပြီ။ ၆ နှစ်အောက်ကလေး ၂၀၀ နဲ့ ၆၀ ကျော် လူကြီးက ၂၀၀ လောက်ရှိတယ်။ CNDF အနေနဲ့ လူသားချင်းစာနာဌာနက နေစရာမရှိတဲ့ လူတွေအတွက် လုံခြုံတဲ့နေရာမှာ နေစရာတွေစီစဉ်ထားပေးတယ်” လို့ ပြောပါတယ်။
စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်မရှိတဲ့အတွက် ဘဝရပ်တည်ရေးအတွက် အခက်အခဲတွေကြုံနေရတယ်လို့လည်း သိရပါတယ်။
CNO/ CNDF တာဝန်ရှိသူက “ကျနော်တို့ဘက်ကနေ နိုင်ငံခြားတွေ NGO တွေဆီကနေ တတ်နိုင်တဲ့ဘက်က အကူအညီတောင်းပေးတာတွေရှိတယ်။ ဒါပေမဲ့လည်း မလောက်ဘူးပေါ့လေ။ ဆန်၊ ဆီ၊ ဆား၊ ငွေရေးကြေးရေး ထောက်ပံ့ပေးတာမျိုးရှိတယ်။ ဆေးဝါးတွေဝယ်ပြီး CDM ဆရာ ဆရာမတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတာမျိုး ရှိပါတယ်” လို့ ဆက်ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ အခု မိုးရာသီကာလမှာ မိုးကာ၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ မလုံလောက်တာတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။