မကွေးမြို့၊ မကြီးကန်ကျေးရွာအုပ်စုရှိ အားလူးကြော်စက်ရုံမှာ ဒီနေ့ သြဂုတ် ၂၈ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကြီးကန်ကျေးရွာအုပ်စု၊ သင်ကြားရေးဆေးရုံလမ်းရှိ “နေခြည်” အာလူးကြော်စက်ရုံမှာ ဒီနေ့မနက် ၄ နာရီခွဲက ဘရိတ်ကာ အပူလွန်ကဲမှုကြောင့် မီးလောင်ကျွမ်းတာလို့ မကွေးမီးသတ်တပ်ဖွဲ့ နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဘရိတ်ကာက အပူလွန်ကဲပြီး ဝါယာကြိုးတွေကိုစပြီးလောင်ရာက အနားမှာရှိတဲ့ ကတ်ထူ စက္ကူပုံးနဲ့ စားသောက်ကုန်တွေကို လောင်ကျွမ်းခဲ့တာ။ စက်ရုံက ပေ ၁၅၀ လောက်ကျယ်တော့ အချိန် ၁ နာရီလောက် မီးငြိမ်းသတ်ရတာ။ ဆုံးရှုံးမှုတန်ဖိုးက ကျပ်၂၇၃၅၀၀၀၀ ခန့်ပါ။”
မီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး "နေခြည်" အာလူးကြော်ဆိုင်ရှင်ကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅ နဲ့ မကွေးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်ကလည်း မကွေးမြို့၊ မကြီးကန်ကျေးရွာအုပ်စု၊ သင်ကြားရေး ဆေးရုံ လမ်းရှိ ကော်စက်ရုံမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။