Home
နိုင်ငံတကာ
မက္ကဆီကို တရားရေးကဏ္ဍပြုပြင်ပြောင်းလဲရေး တရားရေးဝန်ထမ်းများ ကန့်ကွက်ဆန္ဒပြ
DVB
·
August 28, 2024
Photo - Reuters

မက္ကဆီကို တရားရေးဝန်ထမ်းတွေဟာ တရားသူကြီးတွေကို ရွေးကောက်တင်မြှောက်ဖို့ အပါအဝင် နိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍမှာ အလုံးစုံ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ကန့်ကွက်ဖို့ သြဂုတ် ၂၆ ရက်ညက ဖယောင်းတိုင်မီးထွန်း ဆုတောင်းခဲ့ပါတယ်။

မက္ကဆီကိုသမ္မတ အန်ဒရေ မန်နျူယယ်လိုပဲ့ဇ်အိုဘရဒေါဟာ လွတ်လပ်တဲ့ တရားရေးစနစ်ကို ဖျောက်ဖျက်ဖို့ ကြံရွယ်နေတယ်လို့ စွပ်စွဲရင်း ဖယောင်းတိုင်တွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတဲ့ တရားရေးဝန်ထမ်းတွေက လွတ်လပ်ရေးနတ်မိမယ် ရုပ်တုရှေ့ကို စုရုံးရောက်ရှိခဲ့ကြပါတယ်။

တရားရုံးချုပ် တရားသူကြီးတွေ အပါအဝင် တရားသူကြီးတွေကို လူထုဆန္ဒမဲနဲ့ ရွေးချယ်မယ့် အငြင်းပွားစရာကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုဟာ ပြစ်ဒဏ်ကင်းလွတ်မှုနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ သမ္မတက စောဒကတက်ထားပြီး ဒီအရေးဟာ သူ့အတွက် ထိပ်တန်းဦးစားပေး ဖြစ်နေတာပါ။

မက္ကဆီကိုအောက်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေဟာ တနင်္လာနေ့နှောင်းပိုင်းမှာ ကော်မတီရဲ့ မဲခွဲမှုတရပ်အတွင်း တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တရပ်ကို အထွေထွေစည်းကမ်းချက်တွေနဲ့အတူ အတည်ပြုခဲ့ပါတယ်။

နောက်လမှာ အသစ်ရွေးကောက်ခံ အောက်လွှတ်တော် သက်တမ်းစတင်မယ့်အချိန်မှာ နောက်ဆုံး အချေအတင်ဆွေးနွေးပွဲအတွက် လမ်းခင်းပေးခဲ့ပါတယ်။

အဆိုပြုထားတဲ့ ပြုပြင်ပြောင်းလဲရေးဟာ တရားရုံးချုပ် တရားသူကြီးတွေ ရာဇဝတ်ရုံး တရားသူကြီးတွေ အပါအဝင် တရားသူကြီးတွေ အယောက် ၇၀၀၀ ကျော်ကို ရေပန်းစားနေတဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ တောင်းဆို ထားပါတယ်။ 

မက္ကဆီကိုနိုင်ငံရဲ့ ထိပ်တန်းကုန်သွယ်ရေး မိတ်ဖက်ဖြစ်တဲ့ အမေရိကန်နဲ့ သဘောထားကွဲလွဲနေချိန်မှာ ထောင်ချီတဲ့ တရားရေးဝန်ထမ်းတွေက ဒီလုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

တရားသူကြီးတွေကို ရွေးကောက်တင်မြှောက်တာဟာ အရည်အချင်း အခြေပြု အသက်မွေးဝမ်းကျောင်း လမ်းကြောင်းကို အဆုံးသတ်စေပြီး နိုင်ငံရေး ပါတီတွေ၊ ရာဇ၀တ်ဂိုဏ်းတွေလို ပြင်ပအဖွဲ့တွေက တရားစီရင်ရေး အပေါ် သြဇာလွှမ်းမိုးမှုတွေလိုမျိုး အားနည်းချက်တွေ ပိုရှိလာစေတယ်လို့  ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သူတွေက ပြောပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013