Home
မြန်မာသတင်း
မောင်တောမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်တော့မည်ဟု AA ပြော
DVB
·
August 25, 2024
Photo - ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၂ ရက် မောင်တောမြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော်မှ ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို မကြာခင်မှာ အလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့ အာရက္ခတပ်တော် AA က ဩဂုတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပေါင်း ၂၀ အကြာမှာ မြို့တွင်းက စစ်ကောင်စီတပ်စခန်း တခုပြီးတခုကို တိုက်ခိုက်နေပြီး နည်းနည်းပဲကျန်တော့တဲ့ ခံစစ်နေရာတွေကိုလည်း တခုမကျန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရိုဟင်ဂျာတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့အတွင်း တိုက်ပွဲက ထွက်ပြေးတုန်းမှာ အရပ်သား နေအိမ်၊ အဆောက်အအုံတွေကို  မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲအတွင်းက ရတဲ့နည်းလမ်းတွေနဲ့ ထွက်ပြေးနေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်း ရိုဟင်ဂျာတပ်ဖွဲ့တွေဖြစ်တဲ့ ARA၊ ARSA၊ RSO တပ်ဖွဲ့ဝင်တွေကို နေ့စဉ် ဖမ်းဆီးရမိနေပြီး သူတို့ရဲ့ အလောင်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေကိုလည်း ဆက်တိုက် သိမ်းဆည်း ရမိထားတယ်လို့လည်း AA ထုတ်ပြန်ချက်အရသိရပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းရိုဟင်ဂျာတွေ ဖမ်းဆီးထားတဲ့ အရပ်သား ၂ သောင်းကျော်ကို မြို့သိမ်းတိုက်ပွဲအတွင်းမှာ AA က ကယ်ထုတ်ထားပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်က စစ်ရေးအခြေအနေကို သိရှိသူတယောက်က “မောင်တောမြို့သိမ်းတိုက်ပွဲက အပြင်းဆုံးအခြေအနေမှာ ရှိနေဆဲ ဖြစ်တယ်။ မြို့တွင်းမှာတော့ လက်ရှိ AA ဘက်က အသာရထားပြီး စစ်ကောင်စီနဲ့ ရိုဟင်ဂျာတွေက နခခ ၅ ဘက်မှာ ခုခံနေကြတယ်။ ဒီအတိုင်းဆိုရင် စစ်ကောင်စီက ဘယ်လောက်မှ ခုခံနိုင်တော့မှာ မဟုတ်ဘူး” လို့  ပြောပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို ဖမ်းဆီးရမိထားပြီး မြို့နယ်ရဲတပ်ဖွဲ့က အရာရှိတချို့ လက်နက်ချလာတာကိုလည်း တွေ့ရပြီး မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့် ရဲတပ်ရင်း ၈ ခုရှိတဲ့ အထဲက ရဲတပ်ရင်း ၇ ခုအထိကို AA က သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်က မောင်ရွှေလေးရေတပ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တို့မှာလည်း နှစ်ဖက်တိုက်ပွဲ အပြင်းထန်ဆုံး အခြေအနေမှာရှိတယ်လို့  AA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

သံတွဲမြို့နယ်က တခုတည်းသော လက်ကျန်တပ်စခန်းဖြစ်တဲ့ မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော်က ဇူလိုင် ၂၀ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီက ကြည်း၊ လေ၊ ရေ နဲ့ ခုခံနေတာလို့ AA က ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024