ရန်ကုန်နဲ့ ဧရာဝတီတိုင်းဘက်ကို စစ်ဘေးရှောင်ဖို့ ရောက်နေကြတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က စစ်ဘေးရှောင်တွေကို စစ်ကောင်စီက နေရပ်ပြန်ခွင့်မပြုဘူးလို့ စစ်ဘေးရှောင်နေသူတွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေနဲ့ ပြည်မဘက်ကိုရောက်ရှိနေတဲ့ သံတွဲမြို့ခံတွေကို ဧရာဝတီတိုင်း ရေကြည်မြို့နယ် ရေနံ့သာဂိတ်ကနေ စစ်ကောင်စီကပြန်လှည့်ခိုင်းပြီး ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ ဧရာဝတီတိုင်းဘက်ကို ရောက်ရှိနေတဲ့ စစ်ရှောင်တယောက်က ပြောပါတယ်။
“သံတွဲမြို့နယ်က စစ်ဘေးရှောင်နေသူတွေပဲဖြစ်ဖြစ်၊ အခြားအကြောင်းနဲ့ရောက်နေသူပဲ ဖြစ်ဖြစ် သံတွဲမှတ်ပုံတင်ကိုင်သူတွေဆိုရင် ရခိုင်ကို ဝင်ခွင့်မပေးဘူး။ ရေနံ့သာဂိတ်ကနေ ပြန်လှည့်ရသူတွေ အများကြီးပဲ။ ဘာကြောင့် ပေးမဝင်တာကိုလည်း မသိရဘူး” လို့ပြောပါတယ်။
သံတွဲမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ဒေသခံ ၅ သောင်းနဲ့အထက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ရဲ့တိုက်ပွဲဟာ ဂွမြို့နယ်အထိ ကူးစက် လာနေတာကြောင့် AA ထိုးစစ်ဟာ ဧရာဝတီအထိ ကူးစက်လာမှာ စစ်ကောင်ကစိုးရိမ်တာကြောင့် ဧရာဝတီဘက်ကို ရောက်ရှိနေတဲ့ ရခိုင်က စစ်ဘေးရှောင်တွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ ရှိတယ်လို့ နောက်ထပ် စစ်ရှောင်တယောက်က ပြောပါတယ်။
“ဧရာဝတီဘက်ကို ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေကို ဂွတိုက်ပွဲ စဖြစ်ကတည်းက တော်တော် စစ်ဆေးလာတယ်။ ဧည့်စာရင်းတွေဆိုရင် နေ့ခင်းဘက်တွေအထိ စစ်ဆေးလာတယ်။ တချို့တွေ ဆိုရင်လည်း အထောက်အထားမစုံဆိုပြီး ဖမ်းဆီးတာတွေလည်းရှိတယ်” လို့ပြောပါတယ်။
သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်က ဒေသခံအများစုဟာ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဘက်ကို အများဆုံး စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ သံတွဲမြို့၊ ငပလီမြို့နဲ့ ဂွမြို့နယ် ကျီန္တလီမြို့တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး သံတွဲမြို့နယ်က မောင်ရွှေလေးရေတပ်နဲ့ ဂွမြို့ဘက်ကို AA က ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။