အာဏာလု စစ်ဓားပြဂိုဏ်းဟာ မြန်မာနိုင်ငံသား အားလုံးနီးပါးရဲ့ ဘုံရန်သူဘဝ ရောက်ခဲ့ရပြီး ပတ်ပတ်လည် အရပ်ရှစ်မျက်နှာက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုရဲ့ အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက် ချေမှုန်းခြင်းခံနေရတာမို့ ပွဲတိုင်းလိုလို ရှုံးနိမ့်လာရင်း စစ်ဦးကျိုးပြီး တိုက်စွမ်းရည်မဲ့သွားတဲ့ စစ်အာဏာရှင်စနစ်ဟာ ဆက်လက်ရှင်သန်နိုင်စရာ အခြေအနေ လုံးဝမရှိတော့ဘဲ အချိန်မရွေး ပြိုကွဲပျက်စီးသွားတော့မှာ ဖြစ်ပါတယ်။
အာဏာရှင်စနစ်ရဲ့ နောက်ဆုံးထွက်သက်မှာ ပြည်သူတွေကို ထွက်ခတ် ခတ်ပြီး အန္တရာယ်ပြုသွားမှာကို သတိပြုရမှာဖြစ်သလို ရုပ်ဖျက်ပုန်းကွယ် အသွင်ပြောင်းထားကြတဲ့ စစ်အမြုတေလောင်းတွေရဲ့ ရေတို ရေရှည် ကြံစည်ထားတဲ့ ယုတ်မာတဲ့အကြံဆိုး အစီအမံဆိုးတွေရဲ့ အန္တရာယ်ကိုလည်း ပြည်သူလူထုတရပ်လုံးနဲ့ တော်လှန်ရေးအင်အားစု အားလုံးဟာ အထူးဂရုပြု ရင်ဆိုင်ကြဖို့ လိုပါတယ်။
ဖြစ်လာနိုင်ခြေတချို့ကို ဥပမာပေးရရင် ရုပ်ဖျက်ပုန်းကွယ် စစ်ဓားပြ ခေါင်းမာဂိုဏ်းသားတွေဟာ နွေဦးတော်လှန်ရေးကို ပုံဖျက်ဖို့ စစ်တပ်ထောက်ခံသူတွေကို ထိုးကျွေးဖို့ သူတို့ကိုယ်တိုင်ကဖြစ်ဖြစ် ဒါမှမဟုတ် လက်ထောက်ချ သတင်းပေး သွေးထိုးပေးပြီး ခံစားခဲ့ရမှု ပြင်းထန်လွန်းတာမို့ နာကျည်းနေကြတဲ့ PDF တွေနဲ့ ပြည်သူတချို့က စစ်တပ်ထောက်ခံသူ အုပ်စုတွေကို အစုလိုက်အပြုံလိုက် ရှင်းပစ်တဲ့ အဖြစ်အပျက်ဆိုးတွေ ပေါ်ပေါက်လာအောင် ယုတ်မာစွာ ကြံစည် အကောင်အထည်ဖော်လာနိုင်ပါတယ်။
ရုပ်ဖျက်ပုန်းကွယ် အသွင်ပြောင်းထားတဲ့ စစ်အမြုတေလောင်းတွေဟာ ဖရဲသီးအယောင် ဆောင်ပြီး စစ်ထောက်ခံသူအုပ်စု (သို့) ဘက်ပြောင်းလိုသူအုပ်စုရှိရာ အတိအကျနဲ့ သူတို့အားသာတုန်းက ဘယ်လို လူမဆန်အောင် ကျူးလွန်ခဲ့တဲ့ အထောက်အထား အတုတွေနဲ့ လက်ထောက်ချ သတင်းပေးပြီး ကလေးလူကြီးပါမချန် ရှင်းပစ်တာမျိုးဖြစ်အောင် ကြံစည်လာနိုင်တယ်။
ပြည်သူလူထုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို နှိပ်ကွပ်လို့ အမတ်လောင်းတွေကို ဖမ်းဆီးထောင်ချပြီး အဓိကပြိုင်ဘက်မပါဘဲ ရွေးကောက်ပွဲလုပ်လို့ အရှက်မရှိ မဲနိုင်တယ်ဆိုပြီး စစ်ဘောင်းဘီ ကတိုက်ကရိုက်ချွတ် သိန်းစိန် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ အများစုပါတဲ့ အရပ်သားဟန်ဆောင်ထားတဲ့ စစ်အစိုးရကို အာဏာလွှဲခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ် မတ်လကုန်ခါနီးမှာ အာဏာရှင်ဘုရင်ရူး သန်းရွှေနဲ့ လက်ထောက်ဓားပြ မောင်အေးတို့တသိုက် စစ်ဓားပြတပ်က အနားယူပြီလို့ ပြည်သူကို လှည့်စားခဲ့ကြပြန်ပါတယ်။
အဲဒီမတိုင်ခင်ကတည်းက စစ်အမြုတေ ခေါင်းမာဂိုဏ်းသားတွေဟာ မတရား ရယူထားတဲ့ စည်းစိမ်ဥစ္စာတွေ အပါအဝင် သူတို့နဲ့ သူတို့မျိုးဆက် နောင်ရေးအတွက် ရေရှည်စီမံကိန်း ရေးဆွဲပြင်ဆင်ခဲ့ကြပါတယ်။ စစ်အမြုတေ ခေါင်းမာဂိုဏ်းဟာ အုပ်စု ၄ စုခွဲပြီး ဒေါ်အောင်ဆန်းစုကြည်လွန် ကာလအထိ အနာဂတ် မြန်မာနိုင်ငံမှာ စစ်အခွင့်ထူးခံအုပ်စု အခြေမပျက် ဆက်ရှင်သန် ဗိုလ်ကျနိုင်ဖို့ တိတ်တဆိတ် ပြင်ဆင်လာခဲ့ကြပါတယ်။
စစ်တပ်ကို နဖားကြိုးထိုး အုပ်စီးထားတဲ့ လက်နက်ကိုင်အုပ်စု၊ ခိုးရာပါ ဓနဥစ္စာတွေနဲ့ ကုမ္ပဏီတွေထောင်၊ လုပ်ငန်းတွေတည်ပြီး တပည့်တပန်းတွေ မွေးထားကြတဲ့ စီးပွားရေးအုပ်စု၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ မိတ်ဖက် မကောင်းဆိုးဝါးပါတီတွေနဲ့ နိုင်ငံရေးလုပ်စား နှောင့်ယှက်ကြမယ့် နိုင်ငံရေးအုပ်စု၊ မမှန်ကန်တဲ့ အတွေးအခေါ် အဆိပ်ခတ်ကြမယ့် သိက္ခာမဲ့ သတင်းမီဒီယာအုပ်စုအဖြစ် ကဏ္ဍအသီးသီးမှာ အခြေတည် နေရာယူ ပြင်ဆင်ထားပြီး ပြည်သူလူထုရဲ့ ဒီမိုကရေစီကို အားနည်းအောင် ဖြိုခွဲဖို့ စီမံလုပ်ဆောင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့တုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး ပြည်သူကို ကိုယ်စားမပြုတဲ့အပြင် နိုငံရေးအဖြေရှာမပေးနိုင်တဲ့ လက်ရှိ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟောင်း သန်းရွှေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သူတို့ ၃ ယောက်စလုံး ပြောဆိုခဲ့ကြရာမှာ ပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေအပေါ် စာနာကြောင်း တခွန်းမှ မပါခဲ့သလို အရပ်သား ပြည်သူ့အိုးအိမ်ရပ်ရွာ ၁ သိန်းပတ်ဝန်းကျင်ကို တမင်သက်သက် မီးရှို့ဖျက်ဆီးခဲ့တာ၊ လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ထုပြီး သတ်ဖြတ်နေတာ မလုပ်သင့်ကြောင်း တလုံးတပါဒမှ မပါဘဲ စစ်မှန်တဲ့ နိုင်ငံရေးအဖြေရှာနိုင်ဖို့ အကြမ်းဖက်မှုတွေကို စတင်ခဲ့ရာမှာ တာဝန်ရှိသူတွေ တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းဖို့ လိုအပ်ကြောင်း တစိုးတစေ့မှ မပြောသွားခဲ့ကြပါဘူး။ ကိုယ့်လိုဘတွေသာ ပြောသွားတဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ဖို့သာ ရည်ရွယ်ထားတဲ့ လူယုတ်မာတွေချည်းပဲဆိုတာ ထင်ရှားလှပါတယ်။
တကယ်တော့ တရုတ်အာဏာပိုင်တွေဆိုတာဟာ မြန်မာနိုင်ငံမှာ ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ သိက္ခာမဲ့ ခပ်ညံ့ညံ့အစိုးရမျိုး၊ သူတို့အပေါ် မလွန်ဆန်ရဲတဲ့ အုပ်ချုပ်သူမျိုးကိုသာ အာဏာရစေလိုတဲ့ ကွန်မြူနစ်အမည်ခံ အာဏာရှင် အမျိုးအစားပါပဲ။ တကမ္ဘာလုံးမှာ သူတို့ကျင့်သုံးနေတဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေ၊ လက်ရာခြေရာတွေကို ကြည့်လိုက်ရင် တရုတ်နဂါးကြီးဟာ ဆင်းရဲနိမ့်ပါးတဲ့ တိုင်းနိုင်ငံတွေ၊ အိမ်နီးချင်းတွေကို ဘူလီဗိုလ်ကျ အမြတ်ထုတ် ကုတ်သွေးစုပ်တဲ့ စီးပွားရေးကိုလိုနီ၊ နိုင်ငံရေးကိုလိုနီ၊ စစ်ရေးကိုလိုနီ ပြုနေတယ်ဆိုတာ ထင်ရှားလှပါတယ်။
တရုတ်နဂါးကြီးကသာ အဲဒီလိုပြုမူတာ မဟုတ်ပါဘူး။ အမေရိကန် လင်းယုန်ကြီးနဲ့ ရုရှားဝက်ဝံကြီး ပူတင်တို့၊ အိန္ဒိယဆင်မဲကြီး မိုဒီတို့ဟာလည်း ချို(ဂျို)ကွေးနဲ့ ချို(ဂျို)ကုပ်တွေ အတူတူနဲ့ အနူနူတွေပါပဲ။ မဟာအင်အားကြီးနိုင်ငံတွေဆိုတာ အားနည်းသူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျခွင့်လိုင်စင် ယူထားကြသူတွေချည်းပါပဲ။ ဒီလိုရေးတာဟာ စူပါ ပါဝါ မဟာအင်အားကြီး နိုင်ငံတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။
သူတို့ကလည်း သူတို့အကျိုးနဲ့ အာဏာအတွက် အသုံးချသလို ဆောင်းပါးရှင်တို့ ပြည်သူတွေကလည်း ညီညွတ်တဲ့ ပြည်သူတရပ်လုံး အင်အားနဲ့ စူပါ ပါဝါ မဟာအင်အားကြီး နိုင်ငံတွေကို တိုင်းပြည်ကောင်းကျိုးအတွက် လိမ္မာပါးနပ်စွာ လိုသလို အသုံးချနိုင်အောင် ကြိုးပမ်းကြဖို့ သတိပေးလိုတာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့က ကိုယ်ကျင့်တရား တည်ကြည်တဲ့အပြင် နိုင်ငံရေးအသိအမြင် အားကောင်းပြီး ကမ္ဘာက အသိအမှတ်ပြုခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို အရည်အချင်းမြင့်မားတဲ့ ခေါင်းဆောင်တွေ မြန်မာ့နိုင်ငံရေးကို ဦးဆောင်ခွင့်ရဖို့ လိုပါတယ်။
မူလပထမ အကြမ်းဖက်ဂိုဏ်း စွမ်းအားရှင်၊ လက်ပတ်နီ၊ ပျူစောထီး၊ ကြံဖွတ်ဥက္ကဋ္ဌ ခင်ရီက ငဖယ်က ပြောင်းပြန် ဆိုသလို သူတို့ နှစ် ၇၀ ကျော် အကြမ်းဖက် ရမ်းကား ရက်စက်ကြတာမို့ မခံနိုင်တဲ့အဆုံး ပြည်သူလူထုက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်နဲ့ လက်နက်ကိုင် တော်လှန်ရေးကို စည်းလုံးညီညွတ် စနစ်ကျစွာ၊ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေ ကျင့်ဝတ်တွေနဲ့ အကောင်းဆုံး တိုက်ပွဲဝင်လာကြတော့ စစ်ဓားပြတပ် ကျဆုံးခန်းဝင်မှ ပြည်သူ့လက်နက်ကိုင် တော်လှန်ရေးကို အကြမ်းဖက်ကိစ္စ သမုတ်ပြီး နှိမ်နင်းရာမှာ ကူညီဖို့ ကမ္ဘာ့လုံးဆိုင်ရာ အကြမ်းဖက်လူဆိုးကြီး ပူတင်ကို ငိုယိုအသနားခံသလို အကူအညီတောင်းနေတာ ရုပ်ပျက်ဆင်းပျက်ပါပဲ။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အခုချိန်မှာ ပြည်သူလူထုနဲ့ စစ်ခင်းရင်း အာဏာရှင် သစ္စာခံတပ်ဟာ စစ်ဦးတင် ကျိုးသွားရုံတင်မကဘဲ တိုက်စွမ်းရည်၊ စိတ်ဓာတ်အင်အားနဲ့ စစ်ဝိညာဉ်ပါ ကျိုးပြတ်သွားရတဲ့ စစ်ဓားပြဂိုဏ်းဟာ စစ်မှန်တဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အတူလက်တွဲပြီး တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးရဲ့ မဟာဗျူဟာမြောက် တန်ပြန်ထိုးစစ်လှိုင်းတွေအောက်မှာ တိုင်းစစ်ဌာနချုပ်အထိ အသိမ်းခံရပြီး ချက်ကောင်းထိခံရရင်း ဖင်ထိုင်ကျသွားတာတောင် ဒယိမ်းဒယိုင် အားယူကုန်းထနေရချိန် ဖြစ်ပါတယ်။
မိုက်ရိုင်းထုံထိုင်းတဲ့ စစ်ဓားပြ ဗိုလ်ချုပ်တွေဟာ သူတို့အခြေအနေမှန်ကို မသုံးသပ်နိုင်ကြဘဲ လှိုင်းကြားက အလောင်းဘုရားစစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေး စတဲ့ ခေတ်နဲ့မအပ်စပ်တော့တဲ့ ရူးကြောင်ကြောင်နာမည်တွေပေးပြီး ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးကို ချေမှုန်းဖို့ အကြိမ်ကြိမ်ကြိုးပမ်းနေပေမဲ့ ခါချဉ်ကောင် တောင်ကြီးဖြိုမယ်ကြံ ခါးကမသန် ဆိုသလို ဖြစ်နေရပါတယ်။
စစ်အာဏာရှင်စနစ်ဟာ ပြည်သူလူထုတရပ်လုံးက ခါးခါးသီးသီး လက်မခံတော့တာမို့ မကြာခင်မှာ ချုပ်ငြိမ်းပျောက်ကွယ်သွားမှာ ဖြစ်ပေမဲ့ စစ်အာဏာရှင်စနစ် နောက်ဆုံးထွက်သက်နဲ့အတူ သတင်းမှားတွေ အတို့အထောင်လုပ်ပြီး မင်းမဲ့စရိုက် အဖြစ်အပျက်တွေ ဖြစ်ပွားအောင် ကြံစည်လို့ ထွက်ခတ်ခတ် ဒုက္ခပေးသွားမယ့် အန္တရာယ်တွေ ရှိပါတယ်။ အဲဒါအပြင် နောင်တမရကြတဲ့ စစ်အမြုတေ ခေါင်းမာဂိုဏ်းဟာ အုပ်စု ၄ စုခွဲပြီး ပါတီနိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သတင်းမီဒီယာဆက်သွယ်ရေး ကဏ္ဍကြီးတွေမှာ ဖျာခင်း နေရာယူ စိမ့်ဝင်ထားကြတာမို့ စစ်အာဏာရှင်အလွန်ခေတ်အထိ ခြေထိုး နှောင့်ယှက်ပြီး လမ်းမှားပို့ကြမယ့် ဘေးအန္တရာယ်ကို တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက တော်လှန်ရေးအသိ မြင့်မားစွာ၊ တော်လှန်ရေးသတိ ကြီးမားစွာနဲ့ ရင်ဆိုင်ဖယ်ရှားကြဖို့ လိုပါကြောင်း လေးစားစွာ နှိုးဆော် သတိပေးအပ်ပါတယ်။
မင်းကောင်းချစ်