Home
ဆောင်းပါး
တလှိုင်းပြီးနောက်တလှိုင်း - ခေတ်ပြောင်းလှိုင်းများနဲ့ ဝိုင်းပတ်ဗျူဟာ စစ်သေနင်္ဂါ
DVB
·
August 17, 2024
Design-DVB

ဒူးလေး၊ လက်ထိုးတူမီးခါးချိုးနဲ့ သုညနီးပါးက စခဲ့ရတဲ့ အဖိနှိပ်ခံ တိုင်းရင်းသား မိဘပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းတရပ်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးလှိုင်းတွေဟာ တလှိုင်းပြီး နောက်တလှိုင်း၊ ခေတ်ပြောင်းလှိုင်းတွေနဲ့ ဝိုင်းပတ်ဗျူဟာ စစ်သေနင်္ဂါကို စနစ်တကျ အသုံးချလို့ သမိုင်းတခေတ် အဆင့်သစ်ကို မကြာခင် ဖွင့်လှစ်ပေးကြတော့မှာ ဖြစ်ပါတယ်။

ဆောင်းပါးရှင်ဟာ စစ်ရေးကျွမ်းကျင်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ နွေဦးတော်လှန်ရေး အင်အားစုတွေ ဆင်နွှဲလာတဲ့ အဆင့်လိုက် ဖြတ်တောက်ဝိုင်းပတ်ဗျူဟာ စစ်သေနင်္ဂါ (Encirclement) ရဲ့ ရိုးရှင်းထိ‌ရောက်လှတဲ့ စစ်ရေးမဟာဗျူဟာကိုတော့ သာမန်အရပ်သား ပြည်သူတွေလို သတိပြုမိလာတာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စလာတဲ့ အချိန်မှာပါပဲ။

မတရားမှုဘက်က ရပ်တည်လို့ စစ်အာဏာရှင်ထံ သစ္စာခံရင်း ပြည်သူလူထုရဲ့ ထောက်ခံမှု မရခဲ့တဲ့ စစ်သဘောက်တပ်မတော်ဟာ တလှိုင်းပြီး နောက်တလှိုင်း လာနေတဲ့ ခေတ်ပြောင်းလှိုင်းတွေရဲ့ ပြင်းထန်အားပါတဲ့ ထိုးစစ်အရှိန်အဟုန်အောက်မှာ စစ်ဦးကျိုးသွားရုံတင် မကတော့ဘဲ ချက်ကောင်းထိခံထားရတာမို့ ဖင်ထိုင်ကျသွားရာက မထနိုင်တော့ဘဲ ဒိုင်ပွဲရပ်ဖို့ အချိန်ရေတွက်ခံနေပြီ ဖြစ်ပါတယ်။

ဒီကနေ့ စစ်မှန်တဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စနစ်ကျလှတဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဗျူဟာမြောက် တိုက်ခိုက်မှု (Coordinated Strategic Attack) ဖြစ်တဲ့ ဖြတ်တောက်ဝိုင်းပတ်ဗျူဟာ (Encirclement – Both a strategy and tactic designed to isolate and surround enemy force) ဟာ အလွန်ထိရောက်အောင်မြင်တာကို တွေ့လာရပါတယ်။ 

ပြည်တွင်းစစ် တကျော့ပြန်တိုက်ပွဲတွေအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၃ အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ အဲဒီ “၁၀၂၇ ပထမလှိုင်းစစ်ဆင်ရေး” ကာလအတွင်းမှာ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိရာ တရုတ်နယ်စပ်မြို့များကို မဟာမိတ် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

‌၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းရဲ့ စစ်ဗျူဟာကို ကြည့်ရင်လည်း ဖြတ်တောက် ဝိုင်းပတ်ဗျူဟာကို စတင်သုံးခဲ့ကြပါတယ်။ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့က တပ်မဟာ ၄ ခု၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က တပ်မဟာ ၇ ခု၊ အာရက္ခတပ်တော် (AA) က တပ်ရင်း ၁၀ ရင်းတွေကို အခြေခံစုစည်းထားပြီး ကိုးကန့်တပ်မဟာ ၆၁၁ နဲ့ တွဲဖက်ထားတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ရဲ့ ၂၀၃ တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်ရင်း ၂ ရင်း၊ အညာဒေသမှ PDF ၂ ရင်း၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း ၁ ရင်း၊ TNLA နဲ့ တွဲဖက်ပြီး မန္တလေး PDF တပ်ရင်း ၇ ရင်း၊ မိုးကုတ် PDF တပ်ရင်း ၂ ရင်းအပြင် အမြောက်တပ်နဲ့ ဒရုန်းတပ်ဖွဲ့ စုစု‌ပေါင်း အင်အား ၂၀,၀၀၀ ခန့် ပါဝင်ခဲ့ကြတယ်လို့ မှတ်တမ်းပြုခဲ့ကြပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မအလစစ်တပ်အတွက် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဟိုတပိုင်း ဒီတပိုင်း ဖြတ်တောက်လို့ ဝိုင်းပတ်ပိတ်ဆို့ခဲ့ကြတာကို တွေ့ရပါတယ်။

မန္တလေး-လားရှိုး ကားလမ်းမကြီးမှာဆို နောင်ချိုနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ အုမ္မသီး၊ အုမ္မခါးတဝိုက် ဖြတ်တောက်ခဲ့ပါတယ်။ တခါ နောင်ချိုနဲ့ ကျောက်မဲကြား ဂုတ်ထိပ်နဲ့ ဂုတ်တွင်းတဝိုက်ကို ဖြတ်တောက်ထားခဲ့ပြန်ပါတယ်။ ပြီးတော့ လားရှိုးနဲ့ တန့်ယန်းကြားက နန့်ပေါင်နားမှာ နေရာယူပြီး လားရှိုး၊ တန့်ယန်း၊ မိုင်းရယ် ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ထားခဲ့ပြန်ပါတယ်။

နောက်တခါ လားရှိုးနဲ့ နမ္မတူကြား စခန်းတွေကြ တိုက်ခိုက်သိမ်းပိုက်ပြီး ဆက်သွယ် ထောက်ပို့ လမ်းကြောင်းကိုလည်း ဖြတ်တောက်ထားခဲ့ပါသေးတယ်။ ပြီးတော့ သိန္နီမြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လားရှိုးကနေ သိန္နီ၊ ကွမ်းလုံသွားတဲ့လမ်းရယ် သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်ကိုသွားတဲ့ လမ်းကြောင်းတွေ ဖြတ်တောက် ဝိုင်းပတ်ထားခဲ့ကြပါတယ်။

ပြီးတာနဲ့ နောက်တဆင့် ချင်းရွှေဟော်မြို့ကို တိုက်ခိုက်သိမ်းယူခဲ့ကြပြီး ကွန်လုံနဲ့ လောက်ကိုင် ကြားကိုပါ ဖြတ်တောက် ပိတ်ဆို့ခဲ့ပြန်ပါတယ်။ သံလွင်မြစ် အနောက်ဘက်ခြမ်းမှာရှိတဲ့ မုန်းစီး စတဲ့ဒေသတွေမှာ စစ်ရေးလှုပ်ရှားခဲ့ကြပြီး သံလွင်မြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကိုးကန့်ဒေသ ကုန်းကြမ်းနဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်းမှာရှိတဲ့ တာမိုးညဲ၊ မုန်းစီးကြား (သံလွင်မြစ်ကူးကြိုးတံတား) ကိုလည်း သိမ်းပိုက် ဖြတ်တောက်ထားခဲ့ကြပါတယ်။

သံလွင်မြစ်အရှေ့ဘက်က မော်ထိုက်ဒေသနဲ့ အနောက်ဘက်က ဖောင်းဆိုင်ဒေသကြားမှာရှိတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ခဲ့ကြသလို မူဆယ်နဲ့ နမ့်ခမ်း ဆက်သွယ်ရေးလမ်းကြောင်း၊ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်ကနေ ကျောက်မဲ-သီပေါကို သွားတဲ့ လမ်းကိုလည်း ဖြတ်တောက်ခဲ့ပါသေးတယ်။

အဲဒီလို အဘက်ဘက်မှာ ဖြတ်တောက် ဝိုင်းပတ် ဗျူဟာကို စနစ်တကျပြင်ဆင်ပြီး ထိုးစစ်ဆင်ခဲ့ကြတာမို့ အာဏာရှင်သစ္စာခံ စစ်ဓားပြဂိုဏ်းဟာ သမိုင်းမှာ မကြုံစဘူးတဲ့ အရှုံးတွေ ရင်ဆိုင်ရရင်း ပထမဆုံးအကြိမ် စစ်ဦးကျိုးလို့ တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုတွေထံ ကိုးကန့်ဒေသ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့ကြီး ၁၇ မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

‌၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းရဲ့ အစိတ်အပိုင်းတခုအဖြစ် ရက္ခိုင့်တပ်မတော် (AA) ကလည်း ရခိုင်ပြည်နယ်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ တောင်ပြို၊ မအီ၊ သံတွဲ စသည့်မြို့များ အပါအဝင် ချင်းပြည်နယ်မှ ပလက်ဝမြို့ စတဲ့ ၁၃ မြို့ကို သိမ်းယူနိုင်ခဲ့ကြပါတယ်။

ဇွန်လ ၂၅ ရက်မှာ စတင်ခဲ့ပြီး အခုချိန်ထိ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာတော့ ဖြတ်တောက် ဝိုင်းပတ် ဗျူဟာဟာ ပိုပီပြင်ထင်ရှားစွာ တွေ့လာရပါတယ်။ ဒီစစ်ဆင်ရေးဟာ ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ အဓိကကုန်သွယ်လမ်းမကြီးဖြစ်တဲ့ လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာရှိတဲ့ မြို့ကြီး‌တွေအပြင် မန္တလေးတိုင်းကိုပါ သိမ်းပိုက်ဖို့ ဦးတည်လာတာမို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ ရှမ်း-မန်း စစ်ဆင်ရေးလို့လည်း လူသိများလာပါတယ်။

၁၀၂၇ ဒုတိယလှိုင်း စတင်ပြီး ၁၆ ရက်မြောက်နေ့ ဇူလိုင် ၁၀ ရက်မှာ နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ ရှမ်းမြောက်မြို့တော် လားရှိုးကိုသိမ်းယူဖို့ စစ်ဓားပြတပ် စစ်ကူတွေ မန္တလေးဘက်က တက်မလာနိုင်အောင် တားဆီးကာကွယ်ဖို့ ပြင်ဆင်လာတဲ့ ဖြတ်တောက် ဖြတ်တောက် ဝိုင်းပတ်ဗျူဟာ စစ်သေနင်္ဂါရဲ့ အစိတ်အပိုင်းတခု ဖြစ်ဟန်ရှိပါတယ်။ သိပ်မကြာခင် ကျောက်မဲမြို့ကိုသိမ်းပြီး အထီးကျန်သွားတဲ့ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဝိုင်းပတ် အပြီးသတ် သိမ်းယူခဲ့တာ မဟုတ်လား။

နောက်တခုက ပတ္တမြားမြို့တော် မိုးကုတ်ကို မသိမ်းယူခင် ဖြတ်တောက်ဝိုင်းပတ်ဗျူဟာနဲ့ မိုးကုတ်ဝန်းကျင်က မိုးမိတ်မြို့၊ စဉ့်ကူးမြို့ကို သိမ်းယူခဲ့ခြင်းဟာလည်း စစ်ကူနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်တဲ့ ဝိုင်းပတ်ဗျူဟာသဘော ဖြစ်ပါတယ်။

အခုဆို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PDF တပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ်က သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို သိမ်းယူဖို့ ထိုးစစ်ဆင်လာတာ၊ စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့ကို ထိုးစစ်ဆင်လာတာ၊ မန္တလေးတိုင်းအတွင်းက နွာထိုးကြီးမြို့ကို သိမ်းယူဖို့ အားစမ်းလာတာ၊ စစ်ဓားပြတက္ကသိုလ်ရှိတဲ့ ပြင်ဦးလွင်မြို့နားအထိ ကပ်လာတာ၊ မန္တလေးမြို့နားကပ်လျက် ပုသိမ်ကြီးမြို့နယ်အတွင်းထိ တိုက်ပွဲတွေ ဖော်ဆောင်လာတာဟာ မန္တလေးမြို့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းယူနိုင်ဖို့ ပြင်ဆင်လာတဲ့ ဖြတ်တောက်ဝိုင်းပတ်ဗျူဟာရဲ့ ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အရပ်ရှစ်မျက်နှာသာမက မိုးကောင်းကင်မှာ ဒရုန်း၊ မြေပြင်မှာ ဗုံးတွေနဲ့ ပတ်ပတ်လည် ရန်သူအဝိုင်းခံရသလို ခြောင်ပိတ်မိနေတဲ့ စစ်အာဏာရှင် ဓားပြဂိုဏ်းဟာ စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဖြတ်တောက်ဝိုင်းပတ်ဗျူဟာ စစ်သေနင်္ဂါအောက်မှာ စစ်တိုင်းဌာနချုပ်တွေပါ အသိမ်းခံရရင်း မြေမှာဖျပ်ဖျပ်လူးလို့ ရှုံးပြီးရင်းရှုံး တိုက်တိုင်းရှုံးလာခဲ့ရပြီ ဖြစ်ပါတယ်။

ကောက်ရိုးမီးမဟုတ်တဲ့ တိုင်းရင်းသားပြည်သူ တရပ်လုံးနဲ့ နွေ‌ဦးတော်လှန်ရေး အင်အားစုတွေရဲ့ နိုင်ငံရေးလှိုင်း၊ စစ်ရေးလှိုင်းတွေ တလှိုင်းပြီးရင် နောက်တလှိုင်း - ခေတ်ပြောင်းလှိုင်းတွေ ဆင့်ကာဆင့်ကာနဲ့ တဝုန်းဝုန်းရိုက်ခတ် ဖြိုလှဲလာမှုတွေကြောင့် စစ်အာဏာရှင်စနစ်‌ အဆိပ်ပင်ကြီးဟာ အမြစ်ကျွတ်ထွက်လာရာကနေ မကြာခင် ဗုန်းဗုန်းလဲ ပြိုကျတော့မှာ ဖြစ်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024