ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်ပိုင်းမှာ မုတ်သုံမိုး အဆက်မပြတ်ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဩဂုတ် ၂၃ ရက်မှာ သေဆုံးသူဦးရေ ၁၃ ယောက်အထိ မြင့်တက်လာတယ်လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောကြားခဲ့ပြီး နေအိမ်တွေလည်း ရေထဲနစ်မြုပ်နေတာကြောင့် ဒေသတွင်းမှာ လူသန်းပေါင်းများစွာ သောင်တင်နေခဲ့တယ်လို့လည်း ဆိုပါတယ်။
သြဂုတ် ၂၂ ရက်ကတော့ လူပေါင်း ၃ သန်းလောက် သောင်တင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး ကျယ်ပြောလှတဲ့ ဧရိယာတွေမှာ ရေနစ်မြုပ်ကုန်တာကြောင့် နေအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးသွားပြီလို့ အစီရင်ခံခဲ့ပါတယ်။
ဒေသအများအပြားမှာ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ကုန်ပြီး ရပ်ရွာတွေ သီးခြားဖြစ်ကုန်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေက သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။
မိုးဆက်ရွာနေတာကြောင့် နောက် ၂၄ နာရီအတွင်း ရေတွေ ထပ်မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံမှုတွေနဲ့ နေရာရွှေ့ပြောင်းမှုတွေအတွက် စိုးရိမ်စရာတွေ တိုးလာနိုင်ကြောင်း ရေကြီးရေလျှံမှု ခန့်မှန်းရေးနဲ့ သတိပေးရေးစင်တာ (FFWC) က သတိပေးထားပါတယ်။
ကမ္ဘာ့ဘဏ်အင်စတီကျုမှ ၂ဝ၁၅ ခုနှစ် လေ့လာဆန်းစစ်ချက်တခုအရ ကမ္ဘာ့ရာသီဥတုဒဏ် အခံရဆုံး နိုင်ငံတွေထဲက တခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်း ၃ ဒသမ ၅ သန်းဟာ နှစ်စဉ် မြစ်ရေကြီးမှုအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အခုလို ကပ်ဘေးဖြစ်ရပ်တွေ ပိုဆိုးရွားလာတယ်လို့ ယူဆကြပါတယ်။
Source-Reuters