နီပေါနိုင်ငံ၊ တာနဟွန်ခရိုင်မှာ အိန္ဒိယလူမျိုး အယောက် ၄၀ ကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး မာစယန်ဒီမြစ်ထဲ ထိုးကျမှုကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးကာ ၁၆ ယောက် ဒဏ်ရာရပြီး လူအများအပြားလည်း စိုးရိမ်စရာ ပျောက်ဆုံးနေကြောင်း ဟီမားလယန်းနိုင်ငံရဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၃ ရက်မှာ ပြောပါတယ်။
အိန္ဒိယနိုင်ငံ မှတ်ပုံတင်နဲ့ ဘတ်စ်ကားဟာ ခရီးသည် ၄၀ လောက်နဲ့အတူ အိန္ဒိယခရီးသွားမြို့တော် ပိုခါရာမှ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်ကို ဦးတည်သွားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရှိုင်လန်ဒရာ သာပါက ပြောပါတယ်။
မြို့တော်မှ ၁၁၈ ကီလိုမီတာ အကွာရှိ တာနဟွန်ခရိုင်မှာ မိုးရေတွေ ပြည့်လျှံနေတဲ့ မာစယန်ဒီမြစ်ထဲကနေ လူ ၁၆ ယောက်ကို ကယ်ဆယ်ရေးသမားတွေက ကယ်ထုတ်ခဲ့ကြောင်း သာပါက ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ဟာ မြစ်ကိုရောက်ရှိဖို့ သတ္တုလှေကားရှည်တွေပေါ် တက်ပြီးတော့ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ကြိုးတွေသုံးပြီး ဆွဲထုတ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
တောင်ထူထပ်ရာဒေသရှိ လမ်းတွေဟာ ကျဉ်းမြောင်းပြီး အန္တရာယ်များတာကြောင့် ယာဉ်မောင်းတွေကို အမြဲစမ်းသပ်နေပြီး အကွေ့အဝိုက်များလွန်းတဲ့ လမ်းကြောင်းမှာ ယာဉ်ကြီးတွေကို ထိန်းကျောင်းမောင်းနှင်ရ ခက်ခဲစေပါတယ်။
Source-Reuters