ရန်ကုန်မြစ်အတွင်း စက်တင်ဘာက ၃ ရက်ကစပြီး အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၀၁ ပေခန့်မှ ၂၀ ဒသမ ၁၈ ပေခန့်အထိ ထူးကဲဒီရေ တက်နိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ် ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာ အသိပေး ထုတ်ပြန်ပါတယ်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ ထုတ်ပြန်ချက်မှာ ရန်ကုန်မြစ်အတွင်း ခန့်မှန်းဒီရေအမြင့်ဟာ အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၀ ပေ ကျော်လွန်နိုင်တဲ့အတွက် မြစ်ကမ်းနားနေထိုင်သူ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားကြဖို့ အသိပေးအပ်ကြောင်း ဖော်ပြထားပါတယ်။
ဒလ-ရန်ကုန် နေ့စဥ်အလုပ်ဆင်းနေသူတေယာက်က “မနှစ်ကလည်း မြစ်ရေမြင့်တက်တယ်။ ရန်ကုန်ဘက်အခြမ်းက ဆိပ်ကမ်းတွေများတော့ ကားလမ်းပေါ်တော့ ရေတက်ခဲ့တယ်။ ကျနော်တို့ ဒလ၊ ဆိပ်ကြီးခနောင်တိုဘက်မှာတော့ ကမ်းနားပိုင်းရပ်ကွက်တွေလောက်ပဲ ရေတက်တာ။ အိမ်တွေမြုပ်တဲ့အထိတော့ မရှိခဲ့ဘူး။ ကမ်းပေါ်ရေတက်လည်း အများဆုံး ၂ ပေ၊ ၃ ပေလောက်ပါပဲ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၁၁ ပေခန့်မှ ၂၀ ဒသမ ၃၇ ပေခန့်အထိ မြင့်တက်ခဲ့ပေမဲ့ နေအိမ်တွေနစ်မြုပ်တဲ့အထိ မရှိခဲ့ကြောင်း မြန်မာဆိပ်ကမ်း အာဏာပိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ မြင့်တက်မှု ရှိလာနိုင်လို့ မြစ်အတွင်း သွားလာနေတဲ့ စက်တပ်သမ္ဗန်တွေအနေနဲ့ ကြံ့ခိုင်မှုကို သတိပြုစစ်ဆေးဖို့ အပါအဝင် သမ္ဗန်စီးရာမှာ အသက်ကယ်အင်္ကျီ Life Jacket ဝတ်ဆင်ဖို့နဲ့ သတ်မှတ်ခရီးသည် ဦးရေထက် ပိုမိုတင်ဆောင်တာတွေ မပြုလုပ်ကြဖို့ လှေဆိပ်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က ဆိပ်ကြီးခနောင်တိုမှ ကြည်မြင့်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းကို မောင်းနှင်လာတဲ့ သမ္ဗန်တစီး တိမ်းမှောက်မှုကြောင့် ကျောင်းသားအရွယ် အပါအဝင် ခရီးသည် ၈ ေယာက်အထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။