ဗြိတိန်အစိုးရဟာ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကို လျှော့ချသွားမယ်လို့ သြဂုတ် ၂၁ ရက် က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြည်ထဲရေးဝန်ကြီး ဆီးမာ မလ်ဟော့ထရာက ပြောပါတယ်။
လှေငယ်တွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့်ရှာဖွေသူတွေကို ပြည်နှင်ဒဏ်ပေးရေး ခရီးစဉ်တွေ တိုးမြှင့်တာနဲ့ ဗြိတိန်မှာ လူဝင်မှုကြီးကြပ်ရေး ရာဇဝတ်မှု လျှော့ချဖို့ လုပ်ဆောင်မယ့် ဝန်ထမ်းအင်အား တိုးမြှင့်တာတွေလုပ်သွားမယ်လို့လည်း ဆိုပါတယ်။
အမျိုးသားမှုခင်းအေဂျင်စီ (NCA) ဟာ နိုင်ငံရဲ့ နယ်စပ်လုံခြုံရေးကို ထိခိုက်စေမယ့် မကောင်းဆိုးရွား ရာဇဝတ်ဂိုဏ်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အထူးကျွမ်းကျင်တဲ့ အရာရှိအသစ် ၁၀၀ ကို ခေါ်ယူခဲ့ပြီး အင်အား ၃ ပုံ ၁ ပုံ တိုးမြှင့်လိုက်တာလို့လည်း ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးရဲ့ ရုံးခန်းဟာ နိုင်ငံတွင်း တရားမဝင် နေထိုင်သူတွေအတွက် နေရပ်ပြန်ပို့ရေး လေကြောင်းခရီးစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ပြည်ထဲရေးဝန်ကြီး ဆီးမာ မလ်ဟော့ထရာက ပြောပါတယ်။
ပြီးခဲ့တဲ့ ၆ ပတ် အတွင်းမှာ လူ ၂၀၀ ကျော်ပါတဲ့ အကြီးဆုံး စင်းလုံးငှားလေယာဉ် အပါအဝင် နေရပ်ပြန်ပို့ရေး လေယာဉ်ခရီးစဉ် ၉ ခု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း ဆောသ်ပို့ထ်မြို့မှာ မိန်းကလေးငယ် ၃ ယောက် အသတ်ခံရပြီးနောက် မွတ်စလင်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်မှတ်ထားတဲ့ လက်ယာစွန်း အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီနောက် ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်မဲဆန္ဒရှင်တွေအတွက် အရေးကြီးဆုံး ပြဿနာဟာ လူဝင်မှုကြီးကြပ်ရေးကို ထိန်းချုပ်ခြင်းပဲလို့ စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။
ဇူလိုင် ၅ ရက်မှာ အလုပ်သမားအစိုးရသစ် တက်လာပြီးကတည်းက ပြင်သစ်နိုင်ငံကနေ ရေလက်ကြားကို ဖြတ်ကူးပြီး လှေတွေနဲ့ ဗြိတိန်ကို ရောက်လာကြတဲ့ ခိုလှုံခွင့်တောင်းခံသူ ၅,၇၀၀ ကျော်ရှိပြီး လူမှောင်ခိုဂိုဏ်းတွေကို ချေမှုန်းပစ်မယ်လို့ ကတိပြုထားတဲ့ ဝန်ကြီးတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကို အလေးပေး ဖော်ပြထားပါတယ်။
Source-Reuters