Home
နိုင်ငံတကာ
ဗြိတိန်တွင် ဆူပူအုံကြွမှုကြောင့် အရေးပေါ်အစည်းအဝေး ခေါ်ယူ
DVB
·
August 5, 2024
Photo-REUTERS / CREST DRONEANDPHONEN.I. / BBC / UK POOL

ဗြိတိန်နိုင်ငံတဝန်းက မြို့ကြီး၊ မြို့ငယ်တွေမှာ အခုသီတင်းပတ်ကုန်အတွင်း ရွှေ့ပြောင်းအခြေချသူနဲ့ မွတ်စလင်ဆန့်ကျင်ရေး ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူ ၁၅၀ လောက် ဖမ်းဆီးခဲ့ရပါတယ်။

အခြေအနေတွေ ပိုမိုဆိုးရွားလာတာကြောင့် ဩဂုတ် ၅ ရက်မှာ ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် အရေးပေါ်အစည်းအဝေး ခေါ်ယူလိုက်ပါတယ်။

ကိုဘရာအစည်းအဝေးလို့ ခေါ်တဲ့ ဒီအစည်းအဝေးကို အစိုးရရုံး အထူးအစည်းအဝေးခန်းမမှာ  နိုင်ငံလုံးဆိုင်ရာ အကျပ်အတည်း ကျရောက်မှသာ ကျင်းပတာဖြစ်ပါတယ်။

အရေးပေါ်တုံ့ပြန်ရေးကော်မတီ သဘောမျိုးဖြစ်ပြီး ဝန်ကြီးတွေသာမက အစိုးရ တာဝန်ရှိသူတွေ၊ ရဲနဲ့ ထောက်လှမ်းရေးအရာရှိတွေ၊ အခင်းဖြစ်အကြောင်းအရာနဲ့ သက်ဆိုင်တဲ့သူတွေကိုပါ ခေါ်ယူတာဖြစ်ပါတယ်။

တနင်္လာနေ့ အစည်းအဝေးမှာ ပိတ်ရက်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေ အခြေအနေ တင်ပြတာအပြင် နောက်ရက် ဘယ်လိုဆက်လုပ်မလဲဆိုတာ ဆွေးနွေကြတာ ဖြစ်ပါတယ်။

အင်္ဂလန်ကျွန်းမြောက်ပိုင်း၊ ဆောက်ပို့တ်မြို့လေးမှာ ကလေးအကသင်တန်းကို ၁၇ နှစ်အရွယ် လူငယ်တဦးက ဓားနဲ့ဝင်ထိုးလို့ ကလေး ၃ ဦး သေဆုံးခဲ့ရအပြီးမှာ မွတ်စလင်နဲ့ ရွှေ့ပြောင်းဆန့်ကျင်ရေး တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

အစောပိုင်းမှာ ကျူးလွန်သူဟာ အသက်မပြည့်သေးလို့ နာမည်နဲ့ နောက်ခံ မထုတ်ပြန်ခဲ့တာကြောင့် သတင်းမှားတွေ ပိုပျံ့နှံ့ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကျူးလွန်သူဟာ ၁၈ နှစ်ပြည့်ဖို့ ရက်ပိုင်းပဲလိုတာဖြစ်တဲ့အတွက် နာမည်နဲ့ နောက်ခံကို ထုတ်ပြန်ဖို့ တရားရုံးက ခွင့်ပြုပေးခဲ့ပါတယ်။

ကျူးလွန်သူဟာ အက်ဇဲလ်ရာဒါကူဘာနာ ဆိုသူဖြစ်ပြီး ဗြိတိန်မှာပဲ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ရဝမ်ဒါရွှေ့ပြောင်းမိဘနှစ်ပါးက မွေးဖွားလာသူ ဖြစ်ပါတယ်။

ရော့သာဟမ်က ရွှေ့ပြောင်းအခြေချဖို့ ကြိုးပမ်းသူတွေကို ထားရှိတဲ့ ဟိုတယ်တလုံး တိုက်ခိုက်ခံခဲ့ရအပြီးမှာ ဝန်ကြီးချုပ် ကီယာစတာမာက ဩဂုတ် ၄ ရက်မှာ နိုင်ငံကို မိန့်ခွန်းပြောခဲ့ပါတယ်။

တမ်ဝါ့သ်၊ မစ်ဒယ်ဘရော့၊ ဘော်လ်တန်၊ ဟားလ်၊ ဝေးမောက်နဲ့ အခြား နေရာတချို့မှာ အကြမ်းဖက် ဖျက်ဆီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က တုံ့ပြန်ခဲ့ရပါတယ်။

“ဒီလူဆိုးလူသွမ်းတွေကို ဥပဒေရှေ့မှောက် အရောက်ပို့ဖို့ အစွမ်းကုန်လုပ်ဆောင်သွားမယ်” လို့ စတာမာက ပြောကြားခဲ့ပါတယ်။

ဒီနိုင်ငံထဲက ပြည်သူတွေမှာ ဘေးကင်းပိုင်ခွင့်ရှိကြောင်း၊ မွတ်စလင်အသိုင်းအဝိုင်းကို ပစ်မှတ်ထားခံရတာ၊ ဗလီတွေ တိုက်ခိုက်ခံရတာ တွေ့ရကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ပေးခဲ့ပါတယ်။

လမ်းပေါ်မှာ နာဇီအလေးပြုတာ၊ ရဲတွေကို တိုက်ခိုက်တာ၊ လူမျိုးရေးအရ လက်လွတ်စပယ် အကြမ်းဖက်တာ၊ ဒါတွေဟာ လက်ယာစွန်း လူရမ်းကားလုပ်ရပ်တွေပဲလို့ နာမည်တပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ်က မှတ်ချက်ပေးခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013