Home
နိုင်ငံတကာ
ဗြိတိန်တွင် အဓိကရုဏ်းကြောင့် ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိ
DVB
·
August 7, 2024
Photo - Reuters

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဗြိတိန် အဓိကရုဏ်းကြောင့် ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီး သူတို့ကို ဒီသီတင်းပတ်အတွင်း စီရင်ချက်ချမယ်လို့ မျှော်လင့်ကြောင်းနဲ့ “ဒီမငြိမ်မသက်မှုထဲမှာ ပါဝင်ပတ်သက်နေသူတိုင်းဟာ ဥပဒေရဲ့ စွမ်းအားကို အပြည့်အဝ ခံစားရမှာပါ” လို့ ဩဂုတ် ၆ ရက်မှာ ပြောပါတယ်။

လာမယ့်ရက်တွေအတွင်း မွတ်ဆလင်ဆန့်ကျင်ရေးနဲ့ ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး အဓိကရုဏ်းတွေကို ကိုင်တွယ်ဖို့အတွက် လမ်းမတွေပေါ်မှာ ရဲတပ်ဖွဲ့အင်အား လုံလုံလောက်လောက် ချထားပေးမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ပိုပြီးပြင်းထန်မယ့် ဆန္ဒပြပွဲတွေအတွက် ပံ့ပိုးပြင်ဆင်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေကို အာမခံချက်ပေးဖို့ ကြိုးပမ်းခဲ့ကြောင်းလည်း စတာမာက ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ နောက်ထပ်မငြိမ်မသက်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိကြောင်းလည်း ဝန်ကြီးတွေ၊ ရဲတပ်ဖွဲ့ အကြီးအကဲတွေနဲ့ အရေးပေါ်တွေ့ဆုံမှုအပြီးမှာ စတာမာက ပြောကြားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို နေရာအနှံ့အပြားမှာ လုပ်နေကြတာကြောင့် အခက်အခဲဖြစ်ရပေမဲ့လည်း ရဲတပ်ဖွဲ့ဟာ ဘယ်လိုရုန်းရင်းဆန်ခတ်မှုတွေကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်ကြောင်း အာမခံချက်ကို ရရှိထားပြီလို့လည်း သူက ဆိုပါတယ်။

အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း ဆောက်သ်ပို့ထ် ပင်လယ်ကမ်းစပ်မြို့မှာ တေလာဆွစ်ဖ်ပုံစံ ကလေးသူငယ်များ ဖျော်ဖြေပွဲတခုမှာ မိန်းကလေး ၃ ဦး အသတ်ခံရအပြီး ဆိုရှယ်မီဒီယာပေါ်မှာ သံသယရှိ လူသတ်သမားဟာ အစ္စလာမ္မစ် ရွှေ့ပြောင်းနေထိုင်သူ ဖြစ်တယ်ဆိုပြီး မှားယွင်းတဲ့မက်ဆေ့ချ်တွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာ မြို့ကြီး မြို့ငယ် အတော်များများမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာပါ။

ရဲတပ်ဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်ခြင်းမရှိကြောင်းနဲ့ သံသယရှိသူဟာ ဗြိတိန်မှာ မွေးဖွားသူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှ ခိုလှုံခွင့်တောင်းခံသူတွေ တည်းခိုနေထိုင်ကြတဲ့ ဗလီတွေနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထားတဲ့ ဆူပူအုံကြွမှုတွေက ပျံ့နှံ့နေပြီး ဒါဟာ ဗြိတိန်မှာ ၁၃ နှစ်တာကာလအတွင်း ပထမဆုံး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013