စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ကျောင်းရပ်ကွက်၊ မင်းဝန်းရပ်ကွက်၊ မြောက်ကျီရွာနဲ့ ရှမ်းတဲရွာက လူငယ် ၁၂ ဦးကို စစ်ကောင်စီက ဩဂုတ် ၂၁ ရက်နဲ့ ၂၂ ရက်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၁ မနက်က ကျောင်းရပ်ကွက်နေ ကိုကုလား၊ ဟိန်းသူထွန်း၊ နိုင်ဝင်းထွန်းတို့ကို ဖမ်းသွားပြီး ညနေ ၅ နာရီမှာ မြောက်ကျီရွာက ဖိုးကျော်၊ ရန်နိုင်ဝင်း၊ သဲမောင်၊ သန်းနိုင်ဦး နဲ့ ရှမ်းတဲရွာက ကောင်းခန့်မိုး၊ ဟိန်းဝေခန့်တို့ကို ဖမ်းဆီးသွားသလို့ ဩဂုတ် ၂၂ ရက်ကတော့ ဘုတလင်မြို့ မင်းဝန်ရပ်ကွက်က ပြည်သူလူငယ် ၃ ဦးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဘုတလင်မြို့ခံတဦးက “ဘုတလင်မြို့မစခန်းထဲကနေ ရပ်ကွက်တွေထဲ စစ်ကြောင်းထိုးပြီး ဖမ်းသွားတာ။ သူတို့ စလာလာချင်းကတော့ အိမ်ထောင်စုဇယားစစ်တာလိုလို၊ ဧည့်စာရင်းစစ်တာလိုလိုလုပ်ပြီး အိမ်ထဲတွေ့တဲ့ လူငယ်တွေကို ဖမ်းသွားတာဗျ။ ကနဦး စဝင်တာက ဩဂုတ် ၂၁ ရက်နေ့ မနက်ခင်းပိုင်း ၅ နာရီအချိန်က ကျောင်းရပ်ကွက်၊ မြောက်ကျီရွာတွေ စဝင်တာဗျ”လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူလူငယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့က မဟုတ်ဘူးလို့ ဘုတလင် BGF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အခု အဖမ်းခံရတဲ့ ကလေးတွေက ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ထဲက မဟုတ်ပါဘူးဗျ။ စစ်ကောင်စီတပ်က ပေါ်တာဆွဲတာဖြစ်မယ်ဗျ။ အခုအချိန်အထိ ပြန်လွှတ်မပေးသေးဘူး။ မြို့ပေါ်က လူငယ်တွေအနေနဲ့လည်း အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ မတွေ့အောင် ရှောင် ကြပါလို့ပဲ ပြောချင်ပါတယ်။”
ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ဘုတလင်မြို့နဲ့ ကူတော်ရွာတို့မှာသာ စစ်စခန်းဖွင့်လှစ်နိုင်တော့ပြီး ကျန်တဲ့ ကျေးရွာအားလုံးကို ပြည်သူကာကွယ်ရေးတပ်က ထိန်းချုပ်ထား ပါတယ်။