Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်တွင် PV ပတ်စပို့ကိုင်ဆောင်သည့် လူငယ်များကို ပြည်ပထွက်ခွင့်မပေး
DVB
·
August 22, 2024

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အလည်အပတ်ပတ်စပို့ (PV) အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ လူငယ်တွေကို လေဆိပ်ရဲတွေက ပြည်ပထွက်ခွင့် မပြုဘူးလို့ အေဂျင်စီတွေနဲ့ ကာယကံရှင်တွေဆီကနေ စုံစမ်းသိရပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြည်ပထွက်ခွာရာမှာ အလည်အပတ်ပတ်စပို့ (PV- passport for visit) ကိုင်ဆောင်သူ လူငယ်တွေကို အကြောင်းပြချက်မရှိ ပြည်ပထွက်ခွင့်မပြုဘဲ လေဆိပ်ကရဲတွေက ပြန်လွှတ်နေတယ်လို့ ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတွေနဲ့ ပိတ်ပင်ခံရတဲ့ ကာယကံရှင်တွေက ပြောပါတယ်။

ဩဂုတ် ၂၁ ရက်မှာ ရန်ကုန်လေဆိပ်ကနေ စင်ကာပူနိုင်ငံကို ပထမဆုံးအကြိမ် ပြည်ပထွက်မယ့် လူငယ်အမျိုးသား ၄ ယောက်ကိုလည်း PV ပတ်စပို့ ကိုင်ဆောင်တဲ့အတွက် လေဆိပ်မှာ တာဝန်ကျရဲရဲ့ တားဆီးခံရတဲ့အကြောင်း ဝန်ဆောင်မှုပေးတဲ့ အေဂျင်စီ တာဝန်ရှိသူက ပြောပါတယ်။

“အသက် ၂၀ ကျော်ကနေ အသက် ၄၀ အောက်လူငယ်တွေပေါ့၊ ပတ်စပို့ကလည်း အသစ်၊ ပြည်ပလည်း မထွက်ဖူးဘူးပေါ့လေ။ အဲလိုလူမျိုးတွေကျ နင်တို့ အလုပ်သွားလုပ်မှာ အလည်အပတ်သွားမယ်ဆိုတာ မယုံဘူးပေါ့။ မင်းတို့ကို လေယာဉ်ပေါ် တက်ခွင့်မပေးနိုင်ဘူး ဆိုပြီး အဲဒီကနေပဲ လှည့်ပြန်ခိုင်းတာ။ ၂၁ ရက်နေ့ကို ၁၀၀ လောက်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အမက အဲလိုင်းတာဝန်ခံကို မက်ဆင်ဂျာကနေ ခေါ်လိုက်တော့ သူတို့က ဘာပြောလဲဆိုတော့ ဟုတ်တယ်အမတဲ့၊ အဲဒီအတိုင်းဖြစ်နေတာ တပတ်ကျော်ပြီတဲ့။ ပတ်စပို့ PV သည် သူတို့ တရားဝင် အလည်သွားဖို့ ထုတ်ပေးထားတဲ့ document လေ၊ ဒီ document ကိုင်ပြီး လာတဲ့သူကို travel plan လည်းပါတယ်၊ ဟိုတယ်တည်းမှာလည်း ပါတယ်၊ အပြန်လက်မှတ်လည်း ပါရဲ့သားနဲ့ အလုပ်လုပ်မယ်လို့ သူတို့ထင်တယ်ဆိုတဲ့ ယူဆချက်တခုနဲ့ ဒီလူတွေကို ပြန်လွှတ်တာသည် တော်တော်ကြီးကို ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်။”

နောက်ပိုင်းမှာ PV နဲ့ ပြည်ပနိုင်ငံတွေကို ထွက်မယ်ဆိုရင် ကြိုတင်ဖောင်ဖြည့်ရမှာဖြစ်ပြီး အာမခံပေးသူတယောက်က လက်မှတ်ထိုးမှသာ အလည်အပတ်ထွက်ခွင့်ပြုမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့  DVB ဘက်က အတည်ပြုနေဆဲ ဖြစ်ပါတယ်။

UAE နိုင်ငံမှာရှိတဲ့ အစ်ကိုနဲ့ အမဆီ အလည်သွားဖို့ ၂ လ အလည်အပတ်ဗီဇာနဲ့လာပြီး လေဆိပ်ရဲရဲ့ ပြည်ပထွက်ခွင့်ပိတ်ပင်ခံရသူ PV ကိုင်ဆောင်သူ လူငယ် အမျိုးသမီး တယောက်ကလည်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

“ညီမလေးက PV နဲ့ ဇွန်လကုန်က အလည်ပြန်လာတာပေါ့နော်။ ဩဂုတ် ၁၁ မှာ ပြန်ထွက်တော့ ရဲမှူးဆိုတဲ့သူက ဒီနေ့ထွက်လို့မရဘူး၊ flight date ပြောင်းလိုက်တဲ့၊ သူတို့နဲ့ တနာရီလောက် စကားပြောကြည့်တယ်၊ အဲဒါနဲ့ ညှိမရတဲ့အဆုံးမှာ flight date ပြန်ချိန်းလိုက်တယ် ၂၁ ရက်နေ့ကို၊ အဲဒါ မနေ့က check in counter ထိ အဆင်ပြေပြေပဲ၊ boarding passတွေ လည်းထုတ်ပြီး စက်လှေကားပေါ်တက်သွားတော့ immigration နား မရောက်ခင် စက်လှေကားအပေါက်နားကရဲက ‘အရင်ကလည်း သူသွားထားဖူးတယ်တဲ့၊ သူ့ boarding pass တောင်းလိုက်’ ဆိုပြီးပြောပါတယ်။ passport နဲ့ boarding pass လည်းပေးရော ပုံရိုက်ပြီး boarding pass ကိုလည်း သိမ်းသွားတယ်။ သူတို့က ဘာအကြောင်းပြချက်မှ ရေရေရာရာမရှိဘဲ ရှင်းပြတာ နားမထောင်ဘဲ ပြန်ပြန်လွှတ်နေတာ။ တချို့က အချက်အလက်စုံရင် လွတ်တယ်ပဲ ပြောနေကြတာ၊ စုံလည်း မလွတ်ပါဘူး၊ ညီမလေးရှေ့တင် လူတော်တော်များများ ပြန်လွှတ်တာ။ တချို့ဆို ဘာမှတောင်မမေးဘဲ PV ဆို တန်းပြန်ခိုင်းတာပါ။ ညီမလေးက flight date ပြန်ချိန်းထားတာတောင် ၁၅ သိန်း အဲဒါလည်း အကုန်ဆုံး လောလောဆယ် ညီမလေး သိန်း ၈၀ ကျော်ဆုံးပြီ။”

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကတော့ ၁၉၉၉ ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မအရ အလုပ်သမားတွေအနေနဲ့ ပြည်ပအလုပ်အကိုင် အမျိုးအစားတခုခု ရှာဖွေတွေ့ရင် ဦးစီးဌာနမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ပမထွက်ခွာမီ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြည်ပထွက်ဖို့ မသင့်ကြောင်း စစ်ဆေးတွေ့ရှိရင် ပိတ်ပင်နိုင်ကြောင်း ဖော်ပြထားပြီး ပြည်ပမှာ အလုပ်လုပ်ကိုင်မယ်ဆိုရင် PJ- passport for Job ကို လျှောက်ထားပြီး အလုပ်သမားသက်သေခံကတ် OWIC ကို လုပ်ပြီးမှ တရားဝင် လုပ်ကိုင်ကြဖို့ ဩဂုတ်လ ဒုတိယအပတ်ထဲမှာ ထုတ်ပြန်ထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013