လက်ဘနွန်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ စီဒွန်ရဲ့ မြို့ပြင်ကို အစ္စရေးက သြဂုတ် ၂၁ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကားတစီးထိမှန်ခဲ့ပြီး ပါလက်စတိုင်းအဖွဲ့ခွဲ ဖာတာရဲ့ လက်နက်ကိုင်အဖွဲ့ဝင်တယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ် ၂ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား ၁၀ လကြာ စစ်ရေးပဋိပက္ခအတွင်း ဟားမတ်စ်တွေနဲ့ သွေးစည်းတဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးစစ်တပ်တို့ တိုက်ပွဲဖြစ်နေတာပါ။
စစ်ပွဲဟာ တခြားမျက်နှာစာ အများကြီးဆီ ပျံ့နှံ့သွားပြီး အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
အစ္စရေးနဲ့ လက်ဘနွန် တောင်ပိုင်းနယ်စပ်တလျှောက် ပစ်ခတ်မှုအများစုဟာ မငြိမ်မသက် ဖြစ်နေပေမဲ့ အစ္စရေးနဲ့ ဆီးရီးယားနယ်စပ်က ဘက်ခါတောင်ကြား အပါအဝင် လက်ဘနွန်ဆီ ပိုနက်နက်ရှိုင်းရှိုင်း တိုက်ခိုက်ခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံနဲ့ နယ်စပ်နားက လက်ဘနွန်နိုင်ငံ ဘက်ခါတောင်ကြားက ဟစ်ဇ်ဘိုလာ လက်နက်သိုလှောင်ရုံတွေကို ညလုံးပေါက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အင်အားကြီး အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေရဲ့ အဓိက အမာခံနယ်မြေ ဖြစ်တဲ့ လက်နက်သိုလှောင်ရုံတွေကို ညလုံးပေါက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။
ဘက်ခါဒေသကို တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်က အစ္စရေးစစ်တပ် ထောက်ပံ့ရေးစခန်းတခုကို ခတ်ယူးရှား ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက ပြောပါတယ်။
သြဂုတ် ၂၀ ရက်က လက်နက်သိုလှောင်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ အချက်ကို လက်ဘနွန် လုံခြုံရေးသတင်းရင်းမြစ်တွေက အင်္ဂါနေ့အထိ အတည်မပြုခဲ့ပါဘူး။
ဘက်ခါတောင်ကြား အရှေ့ဘက်က ဘားဘက်ခ်မြို့အနား လူနေဧရိယာကို လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့တယ်၊ အဲဒီနေရာဟာ ဟစ်ဇ်ဘိုလာတွေ ထောက်ခံမှုရထားတဲ့ ရှီယိုက်မွတ်စလင်တွေ အဓိကနေတဲ့နေရာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။
အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေနဲ့ ဒုံးပျံပစ်လွှတ်တဲ့ နေရာတွေဆီကို ပုံမှန်ဗုံးကြဲလေ့ရှိပါတယ်။
လက်ဘနွန်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလက တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်ကစပြီး ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၄၀၀ ကျော်နဲ့ အရပ်သား ၁၃၂ ယောက် အပါအဝင် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။
Source-Reuters