Home
မြန်မာသတင်း
ထီးချိုင့်နှင့် တနင်္သာရီတွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
DVB
·
August 22, 2024

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပါဝင် ဒေသခံပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီး စစ်တပ်က လေကြာင်းကနေ ဗုံးကြဲသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၂‌၁ ရက် မနက် ၄ နာရီစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒီနေ့မနက် အစောပိုင်း ၄ နာရီခွဲလောက်မှာ တိုက်လေယာဉ်အပါအဝင် Y12 အမျိုးအစား လေယာဉ်တွေနဲ့ ဗုံးကြဲပြီး စစ်ကူပေးနေတယ်လို့လည်း ဆိုပါတယ်။

ထီးချိုင့်ပြည်သူတဦးက “စစ်တပ်က စစ်ရှုံးနေပြီဗျ။ ကာကွယ်ရေးတပ်ဘက်က ရွှေကူတောင်ကို သိမ်းပြီးပြီဗျ။ မြတောင်ဘက်က လမ်းဆုံနဲ့ ဖုန်ခုံးလေးစခန်းကိုလည်း ရထားပြီးပြီ။ ထီးချိုင့်မြို့က ကျောက်စေတီဘုရားကုန်းစခန်းပဲ ကျန်တော့မယ်။ အဲဒီစခန်းရရင် မြို့ကို အပြည့်ဝသိမ်းနိုင်တယ်လို့ ပြောလို့ရပြီ။ စစ်ကောင်စီကင်းသွားရင်တော့ ကျနော်တို့ မြို့နယ်အတွင်း သွားရေး၊ လာရေးအစဉ် ပြေပါပြီ” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ နှစ်ဖက်ထုတ်ပြန်တာ မရှိသေးပါဘူး။

ထီးချိုင့်မြို့နယ်ပြည်သူကာကွယ်ရေးရဲဘော်တဦးက “တိုက်ပွဲကတော့ ဖြစ်နေတာ ဟုတ်တယ်ဗျ။ စခန်းသိမ်းနိုင်တယ်ဆိုတာကတော့ သက်ဆိုင်ရာကနေ ထုတ်ပြန်လာပါလိမ့်မယ်ဗျ။ ကျနော်တို့ ပြောလို့ရတာကတော့ ထီးချိုင့်၊ မြတောင်မှာ ရှိတဲ့ စစ်ကောင်စီတွေနဲ့ တိုက်ပွဲဖြစ်နေတယ်ဆိုတာ ဟုတ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း  ပင်လယ်ဘူး၊ အင်းတော်၊ ထီးချိုင့်၊ ဟုမ္မလင်းနဲ့ ကန့်ဘလူမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံအများအပြားလည်း စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဆက်သွယ်ရေးလိုင်းတွေ၊ ခရီးသွားလာမှု၊ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းတိုင်းမှာလည်း တနင်္သာရီမြို့နယ် ၊ ထုံမခါရွာမှာ ဘုန်းကြီးကျောင်းဆောင်နဲ့ ဆီးအုန်းတောထဲကို ဩဂုတ် ၂ဝ ရက်‌ မနက် ၁၁ နာရီလောက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထုံမခါရွာ ဘုရားတောင်ပေါ်က ဘုန်းကြီးကျောင်းဆောင်အနီး ပေ ၁၀၀ နဲ့ ၅၀ ဝန်းကျင်ကြားက ဆီအုန်းတောထဲကို တိုက်လေယာဉ်တစီးနဲ့ ဗုံးသီး ၇ လုံးလာကြဲချသွားသလို ဘုန်းကြီးကျောင်းတဝိုက်ကိုလည်း ပွိုင့်ဖိုက်စက်သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “လာပစ်ချတဲ့ပုံစံက ပထမအချီ လေယာဥ်ပေါ်ကနေ စက်လက်နဲ့ ဘုန်းကြီးကျောင်းထဲကို တည့်တည့်ပစ်တာပါ။ အထဲကိုထိကုန်တယ်။ စက်လက်နဲ့ ဆွဲပြီး တပြိုင်တည်း ဆီအုန်းဘုရားတောင်ကို ဗုံးဆက်တိုက်ကြဲသွားတယ်” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီအုန်းပင်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် မှာလည်း စက်သေနတ်ကျည်ထိမှန်ပြီး ပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

လေကြောင်း လာရောက်တိုက်ခိုက်တုန်းက ဘုန်းကြီးကျောင်းဝန်ထဲမှာ ရဟန်းသံဃာတွေ ရှိမနေခဲ့ပေမဲ့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအပြီး နောက်တနေ့မှာလည်း ထုံမခါရွာပေါ်ကို ကင်းထောက်လေယာဥ်တွေ လာရောက်ပျံဝဲခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက တနင်္သာရီမြို့နယ်ကို တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတာက သြဂုတ်အတွင်း အကြိမ်ရေအများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013