Home
မြန်မာသတင်း
ကျိန္တလီကို လေကြောင်းကတိုက်ခိုက်သဖြင့်  ကလေးငယ်များ အပါအဝင် ၁၁ ဦးသေဆုံး
DVB
·
August 17, 2024

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခို်ကလို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးပြီး ၁၁  ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို ဒေသခံတွေကပြောပါတယ်။

ကျိန္တလီမြို့ အမှတ် ၂  ရပ်ကွက်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက ဩဂုတ် ၁၅ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုရားကျောင်းအတွင်းမှာ ခိုလှုံနေကြတဲ့ မြို့ခံ ၁၁ ယောက် သေဆုံးခဲ့တာပါ။

ဒေသခံတယောက်က “ဩဂုတ် ၁၅ ရက်နေ့မှာ ဘာတိုက်ပွဲမှမရှိဘဲ စစ်ကောင်စီက  ဂျက်တိုက်လေယာဉ်နဲ လာပစ်သွားတာဖြစ်တယ်။ ကလေး ၂ ဦးအပါဝင် အရပ်သား ၁၁ ဦးနေရာမှာတင် ဆုံးသွားတာ။ နောက်ထပ် ၁၁ ဦးလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်။ အခု ဒဏ်ရာရရှိသွားတဲ့ သူတွေကို AA က ဆေးကုသပေးနေတယ်” လို့ ပြောပါတယ်။

ကျိန္တလီမြို့မှာ ဩဂုတ် ၁၁ ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဩဂုတ် ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျိန္တလီမြို့ကနေ ထွက်ပြေးသွားကြပြီးနောက် အာရက္ခတပ်တော်က မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အသက် ၁၂ နှစ်အရွယ် မငြိမ်းရတီ၊ ၁၅ နှစ်အရွယ် မောင်လှမင်းထွန်း၊ ၃၀ အရွယ် ဒေါ်လှဆန်း၊ ၆၃ နှစ်အရွယ် ဒေါ်ညွန့်တင်၊ ၂၉ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်၊ ၆၃ နှစ်အရွယ် ဦးကျော်စိန်၊ ၆၁ နှစ်အရွယ် ဒေါ်ကြူကြူဝင်း၊ ၃၈ နှစ်အရွယ် ဦးမင်းထွန်းသိန်း၊ ၂၁ နှစ်အရွယ် မဇင်မျိုးထွန်း၊ ၆၅ နှစ်အရွယ်  ဒေါ်လှလှဝင်းနဲ့ ၃၇ နှစ်အရွယ် ဒေါ်ခင်မိုးဝေ တို့ သေဆုံးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ပြုလုပ်လာနေပြီး အရပ်သား သေဆုံးမှုဟာလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။

ဩဂုတ် ၁၆ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီက တောင်ကုတ်မြို့နယ် မိုးပညာဒါနကျောင်းကို လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းဆောင်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးခဲ့ပါတယ်။

ကျိန္တလီမြို့ကနေ တပ်ဆုပ်သွားကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကုလားပြင်ကျေးရွာမှာ ခံစစ်ပြင်ထားပြီး ကုလားပြင်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားနေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ဂွမြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာနေရသူ ၂ သောင်းကျော်အထိ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024