Home
မြန်မာသတင်း
တနင်္သာရီဖက်ဒရယ်ယူနစ်အတွက်  ညှိနှိုင်းအဖြေရှာရန် လိုအပ်
DVB
·
August 20, 2024

တနင်္သာရီ ဖက်ဒရယ်ယူနစ် အခင်းအကျင်းမှာ တနင်္သာရီအနာဂတ်အတွက် ရှေးရှုပြီး CRTH အပါအဝင် ဒေသအတွင်းမှာရှိတဲ့ အင်အားစုအသီးသီးကနေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့ လိုတယ်လို့ ဖက်ဒရယ်အရေး လေ့လာသူတဦးက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှာ တိုင်းကိုယ်စားပြု လွှတ်တော်ကော်မတီ (CRTH) က တနင်္သာရီ ဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။

တော်လှန်ရေးအရှိန် မြှင့်တင်နိုင်ဖို့နဲ့ တော်လှန်ရေးကာလ (ကြားကာလ) အတွင်း ဖက်ဒရယ်ယူနစ်/ပြည်နယ် ကြားကာလ အစီအမံရေးဆွဲရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းစဥ်ကို အချိန်နဲ့တပြေးညီ လုပ်ဆောင်နိုင်ဖို့ လိုအပ်တာကြောင့် ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ CRTH က သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲအတည်ပြုမှုနဲ့ အဆိုပါဥပဒေအတိုင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်အဆင့်ဆင့်ကို အသိအမှတ်မပြုဘူးလို့ ၂၀၂၃ ခုနစ်၊ နိုဝင်ဘာ ၁၈ ရက်နဲ့ အခုနစ် သြဂုတ် ၁၅ ရက်တွေမှာ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က သဘောထား ထုတ်ပြန်ထားပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု ကော်မတီဝင် ကိုမင်းလွင်ဦးက “ဒီဥပဒေဟာ တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကနေ အတည်ပြုထားတာဖြစ်တယ်။ တတိယအကြိမ် တနင်္သာရီတိုင်းလွှတ်တော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒအရ ခွင့်ပေးထားတဲ့အာဏာ ဖြစ်တယ်။ ဥပဒေပြုခွင့်အာဏာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ အခွင့်အာဏာပေးထားတာ။ ၂၀၀၈ ခြေဥဟာ ဖျက်သိမ်းထားပြီး ဖြစ်တဲ့အတွက် ၂၀၂၀ မှာ ရွေးကောက်ခံရတဲ့ အမတ်တွေဟာ နိုင်ငံရေးအရ တရားဝင် ဥပဒေပြုခွင့် မရှိဘူး” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ၂၀၂၀ မှာ ရွေးကောက်ခံရတဲ့ အမတ်တွေက တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုလွှတ်တော် (CRTH) ကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ် ၃၁ ရက်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၀၈ ခြေဥကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံနဲ့ ပတ်သက်ပြီး မြိတ်ခရိုင် နိုင်ငံရေးအင်အားစုမှ ဦးမိုးသူအောင်က “တစုတဖွဲ့တည်းကနေ တနင်္သာရီတိုင်းရဲ့ အနာဂတ် ကံကြမ္မာကို ဖန်တီးပုံဖော်တာမျိုး ဖြစ်လို့မရဘူး။ ဒီတော်လှန်ရေးဟာ စစ်အာဏာရှင်ကို တော်လှန်တာ အပါအဝင် စနစ်ကိုပါ ပြောင်းလဲဖို့ လုပ်နေတဲ့အတွက် ဒေသအတွင်းမှာရှိတဲ့ အစုအဖွဲ့အသီးအသီးရဲ့ အသံတွေ ပါဝင်ပြီး နည်းမှန်လမ်းမှန်နဲ့ လုပ်ဖို့လိုတယ်” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းကိုယ်စားပြု လွှတ်တော်ကော်မတီ (CRTH) အဖွဲ့ဝင်တဦးက “အခုလက်ရှိမှာတော့ ထစ်ဆို့မှုတွေကို Digest ဖြစ်အောင် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” လို့ ဆိုပါတယ်။

ဖယ်ဒရယ်အရေး လေ့လာသူတဦးက “ပြည်နယ်ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲတဲ့ဖြစ်စဥ်မှာ ပြည်နယ်အတွင်းမှာရှိတဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ဖို့လိုသလို ကြားကာလမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ဖို့လိုတယ်။ ရေးဆွဲရေးဖြစ်စဥ်နဲ့ စုဖွဲ့မှုမှာ တည့်မတ်မှန်ကန်မှုလိုတယ်” လို့ တနင်္သာရီ ဖက်ဒရယ်ယူနစ် အခင်းအကျင်းကို ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013