Home
မြန်မာသတင်း
တနင်္သာရီတိုင်း နယ်လုံဝန်ကြီး လိုက်ပါလာသည့်ကား တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး
DVB
·
August 16, 2024
Photo Crd-MRTV

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး လိုက်ပါလာတဲ့ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ပြောပါတယ်။

စစ်ကောင်စီအင်အား ၁၀ ယောက်ကျော်နဲ့ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာတဲ့ Vigo အဖြူရောင်ကားကို ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်၊ ရေးလမ်းမပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် ထိခိုက်ဒဏ်ရာ မရခဲ့ပေမဲ့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

YPPDF ပြန်ကြားရေးတာဝန်ခံက “ကားက vigo အဖြူ၊ ဘေးဘက် သံပြားတွေကာထားတဲ့ အိမ်စီးကားပါ။ နယ်လုံဝန်ကြီးက အရှေ့ဘက်မှာထိုင်တာပါ။ ကျနော်တို့ပစ်လိုက်တာ နောက်ဘက်ပဲ မီလိုက်တာ။ နောက်က အင်အား ၁၀ လောက်ပါတာ။ ၃ ဦးသေပြီး ၃ ဦး ဒဏ်ရာရတယ်။ စစ်ရေးပစ်မှတ်ကို ထိပေမဲ့ ထိထိရောက်ရောက် မဖြစ်သွားတာမျိုးပါ” လို့ ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားတွေက အနီးနားအိမ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိရာဘက်ကို ရမ်းသန်းပြီးပစ်ခတ်ပေမဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကော အရပ်သားတွေပါ ထိခိုက်မှုမရှိဘူးလို့ ‌ဆိုပါတယ်။

တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဓဝယ်လွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ ၁ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ဗိုလ်မှူးကြီးမင်းမင်းလတ်ဟာ အရင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း အဖမ်းခံရပြီးနောက် ၂၀၂၃ ခုနှစ် ဩဂုတ် ၁၅ ရက်မှာ စတင်တာဝန်ယူခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024