Home
နိုင်ငံတကာ
Move Forward ပါတီခေါင်းဆောင် ဖိထား ဟားဗတ်တက္ကသိုလ် ပြန်သွားမည်  
DVB
·
August 22, 2024
Photo - Reuters

ပါတီဖျက်သိမ်းခံခဲ့ရသလို နိုင်ငံရေးလောက ကနေပါ  ၁၀ နှစ် ပိတ်ခံခဲ့ရတဲ့ Move Forward ပါတီခေါင်းဆောင်  ဖိထား လင်မ်ဂျာရွန်းရတ်ဟာ ဟားဗတ်တက္ကသိုလ်ကို ပြန်သွားပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ 

အဲဒီမှာ ပညာရှင် Fellow အနေနဲ့ နိုင်ငံရေး မငြိမ်သက်မှုကာလ သူရရှိခဲ့တဲ့ သင်ခန်းစာတွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။ ဖိထားဟာ ဘော့စတွန်နဲ့ ဘန်ကောက်ကို အသွားအပြန်လုပ်နေမှာ ဖြစ်ပြီး သမီးဖြစ်သူက ဘန်ကောက်မှာပဲ ကျောင်းဆက်တက်မှာ ဖြစ်ပါတယ်။ 

အသစ်ပြန်ထူထောင်ထားတဲ့ People's Party ကိုလည်း ဆက်လက်ကူညီပေးဖို့ရှိပြီး သာမန် ထိုင်းပြည်သူတယောက် အနေနဲ့ မဲဆွယ်ပေးသွားဦးမယ်လို့ ဆိုပါတယ်။

ပိတ်ပင်ခံထားရတဲ့ကာလ ကုန်ဆုံးရင် နိုင်ငံရေးလောကထဲ ပြန်ဝင်လာဖို့ ရှိနေပါတယ်။ အပြောင်းအလဲ လုပ်ချင်တဲ့ ခုခံတော်လှန်စိတ်ကို ဘယ်တော့မှ လျှော့မတွက်ကြဖို့ ဖိထားက ပြောပါတယ်။ 

ထိုင်းမှာ သူ့ကို ကစားသမားအဖြစ် မပါစေချင်ရင် နည်းပြပဲ လုပ်ရမှာပေါ့လို့ ဖိထားက ပြောပါတယ်။ 

ဖျက်သိမ်းခံခဲ့ရတဲ့ Move Forward ပါတီရဲ့  အသက် ၄၃ နှစ်အရွယ်  ခေါင်းဆောင်ဟောင်းဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က သူ ဘွဲ့ရခဲ့တဲ့နေရာဖြစ်တဲ့ ဟားဗတ်တက္ကသိုလ် Kennedy School မှာ Democracy Fellow ဖြစ်လာမှာ ဖြစ်ပါတယ်။ 

ပညာသစ်နှစ် နှစ်ဝက်စာသင်ကာလ (semester) နှစ်ခုအထိ Fellow အဖြစ် တာဝန်ယူပြီး နောက်မျိုးဆက်ခေါင်းဆောင်တွေကို လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။ 

ဖိထားဟာ ဟားဗတ်မှာ ပြည်သူ့ရေးရာမူဝါဒနဲ့ အုပ်ချုပ်မှုဆိုင် fellowship နှစ်မျိုး တာဝန်ယူထားတဲ့ နယူးဇီလန် အမျိုးသမီး ဝန်ကြီးချုပ်ဟောင်း  ဂျာစင်ဒါ အာဒန်ကို အားကျပြီး အခုလို တာဝန်ယူဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။ 

“ကျနော့်နိုင်ငံရေးအသက်မွေးဝမ်းကျောင်းက လမစေ့ဘဲ လျှောမွေး ဖြစ်သွားတယ်ပေါ့ဗျာ။ ကျနော်တို့ ရွေးကောက်ပွဲနိုင်ခဲ့ပေမဲ့ စစ်တပ်နဲ့ ချိတ်ဆက်ရှိတဲ့ အထက်လွှတ်တော်အမတ်တွေက တားဆီးခဲ့သလို၊ စစ်တပ်နဲ့ ချိတ်ဆက်ရှိတဲ့ ဖွဲ့စည်းပုံခုံရုံးက ပိတ်တာခံခဲ့ရပါတယ်" လို့ ဖိထားက ဘန်ကောက်မှာလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။  

ဖိထား ဦးဆောင်ခဲ့တဲ့ Move Forward ပါတီက အပိတ်မခံရတဲ့ အမတ်တွေဟာ People's Party အမည်နဲ့ ပါတီသစ်မှာ ပြန်လည်ပါဝင်ခဲ့ကြပြီး လွှတ်တော်ထဲမှာ အတိုက်အခံအဖြစ် ရပ်တည်နေပါတယ်။ 

အာဏာရ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ် ဆေထားထဝီးဆင်ကိုလည်း ဖွဲ့စည်းပုံခုံရုံးက ဖယ်ရှားခဲ့ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ ဖဲထောင်ထန်း ရှင်နာဝပ် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ 

ဖိထားကတော့ ထိုင်းနိုင်ငံရေးဟာ ချားစီးသလို ဝိုင်းကြီးပတ်ပတ် ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဘယ်သူက ချားကို မောင်းနေသလဲ မသိတော့ဘဲ ခေါင်းမူး၊ ခေါင်းကိုက်လာမယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013