ထိုင်းနိုင်ငံရဲ့ တရားစီရင်မှုမှာ ပြင်ပက ဝင်ရောက်စွက်ဖက်မှုတွေ ကာကွယ်ဖို့အတွက် တရားရေးမဏ္ဍိုင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ MFP ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်က ပြောပါတယ်။
MFP ပါတီ ဖျက်သိမ်းခံရသလို ပါတီခေါင်းဆောင် သူ့ကိုလည်း ထိုင်းအခြေခံဥပဒေ တရားရုံးက နိုင်ငံရေးမှာ ၁၀ နှစ်တာ ပိတ်ပင်ခံရပြီးနောက် ရှေ့ဆက်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းခန်းမှာ ခုလို ထည့်သွင်းပြောကြားသွားတာပါ။
လက်ရှိ ထိုင်းနိုင်ငံရေးရဲ့ အခင်းအကျင်းမှာ ပြောင်းလဲတယ်လို့ ထင်ရပေမဲ့ အမှန်က အရွေ့မရှိဘဲ တဝဲလည်လည်နဲ့ နဂိုနေရာပဲ ပြန်ရောက်နေတယ်၊ တရားစီရင်ဆုံးဖြတ်မှုမှာ ပြင်ပလွတ်လပ်တဲ့ အဖွဲ့အစည်းက ဝင်ရောက်စွက်ဖက်နေလို့ ခုလိုဖြစ်နေတယ်၊ ဒါကြောင့် ထိုင်းနိုင်ငံရေးသမားတွေ အနေနဲ့ တရားရေးမဏ္ဍိုင် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားရမယ်လို့ ဆိုပါတယ်။
သူတို့ပါတီ ဖျက်သိမ်းခံရတာ၊ သူတို့ပါတီခေါင်းဆောင်တွေ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရတာနဲ့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင် တာဝန်က ပယ်ချခံရတာဟာ တပတ်ပဲကွာခြားတယ်၊ ထိုင်းနိုင်ငံရေးလောကမှာ ပြည်သူက ရွေးချယ်လိုက်တဲ့ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ တပ်မတော်နဲ့ ဘုရင်စနစ်ကို သစ္စာခံသူတွေကြား အမြဲလို ဆန့်ကျင်မှုရှိပြီး အာဏာသိမ်းမှုတွေ မကြာခဏ ရှိခဲ့တယ်၊ ဒါဟာ ပြည်သူတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ တရားဥပဒေနဲ့ ဒီမိုကရေစီပေါ် ယုံကြည်မှုကို ပျက်ပြားစေပါတယ်။
ဒီအကြောင်းကိုလည်း သုတေသနပညာရှင်နဲ့ ဥပဒေရေးရာကျွမ်းကျင်သူ ၁၃၄ ဦးက ကြေညာချက် ထုတ်ပြန်ထားတယ်လို့လည်း ဆိုပါတယ်။
သူတို့ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာ အမတ်ဦးရေ အများဆုံး၊ လူကြိုက်အများဆုံး ပါတီ ဖြစ်ခဲ့ပေမဲ့ နန်းတွင်းတော်ဝင်ဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ ပြင်ဆင်ဖို့ ကြိုးစားတယ်၊ နိုင်ငံတော်ဖွဲ့စည်းပုံပျက်ပြားအောင် ဆောင်ရွက်တယ်လို့ စွပ်စွဲခံရပြီး အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုမရလို့ အစိုးရဖြစ်ခွင့် မရခဲ့ပါဘူး။
MFP ပါတီ ဖျက်သိမ်းခံရပြီး People’s Party ပြည်သူ့ပါတီအမည်နဲ့ ပါတီသစ် ထပ်ဖွဲ့ပေမဲ့လည်း ပါတီခေါင်းဆောင်နဲ့ ပါတီအမတ် ၄၁ ဦးဟာ ပုဒ်မ ၁၁၂ ပြင်ဆင်ဖို့ လွှတ်တော်ဥက္ကဋ္ဌထံ စာပို့တောင်းဆိုထားတဲ့အမှုလည်း ကျန်ရှိနေပါသေးတယ်။ အဆိုပါအမှုဟာ တသက်တာ နိုင်ငံရေးလောကမှ ပိတ်ပင်ခံရတဲ့အထိလည်း ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။
ထိမ်းဖိထားကတော့ အခြေခံဥပဒေတရားရုံးက သူ့ကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ထားပေမဲ့လည်း သူ့ရဲ့ရပ်တည်ချက်နဲ့ ရည်မှန်းချက်ကိုတော့ လျော့ပါးသွားအောင် လုပ်လို့မရဘူး၊ ပိတ်ပင်ခံနေရတဲ့ ကာလတွေမှာ သူ့ဘဝအတွေ့အကြုံအကြောင်း စာအုပ်ရေးသား ထုတ်ဝေမယ်၊ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှာ ဒီမိုကရေစီဆိုင်ရာ သုတေသနပြုသူအဖြစ် ထမ်းဆောင်မယ်၊ တချိန်တည်းမှာ အရှေ့တောင်အာရှတခွင် ဒီမိုကရေစီရေးရာ ဟောပြောပွဲတွေ၊ အစည်းအဝေးနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ပါဝင်မယ်လို့ ဆိုပါတယ်။
“ကျနော့်ရဲ့ အချိန် (အလှည့်) ကို ကျနော် စောင့်ဆိုင်းနေပါတယ်။ တနေ့မှာ အသိပညာတွေ၊ အတွေ့အကြုံတွေနဲ့ ပိုမိုကြံ့ခိုင်သန်မာစွာနဲ့ ထိုင်းနိုင်ငံရေးလောကထဲ ပြန်လာမယ်။ ရည်မှန်းထားတဲ့အတိုင်း နိုင်ငံပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်မယ်” လို့ ထိမ်းဖိထားက ပြောသွားပါတယ်။
Source-Bangkokbiznews