Home
မြန်မာသတင်း
CNDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
DVB
·
August 22, 2024

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF (Chin National Defense Force)ရဲ့ တပ်‌ဖွဲ့ဝင်ရဲဘော် အသက် ၂၆ နှစ်အရွယ် ကို ရိုမင်းထန်း( Ro Hmin Thang) ကို စစ်တပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ် မီးရှို့ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဩဂုတ် ၂၀ ရက် မနက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး ရှားတောရွာမှာ စစ်တပ်နဲ့ CNDF တပ်ဖွဲ့တို့ ကြားပစ်ခတ်မှုဖြစ်စဉ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ CNDF ရဲဘော် ၄ ဦးထဲက ၃ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ရဲဘော် ကိုရိုမင်းထန်း (Ro Hmin Thang) ကတော့ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရတာပါ။

ကလေးမြို့တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ကိုဗန်‌ထောင်ဘိတ်က “ရှေ့တန်းကာကင်းက ရဲဘော် ၄ ဦးမှာ ၃ ဦးက ခုန်ချထွက်ပြေးနိုင်ခဲ့လို့သာ အကုန်အသတ်မခံရတာ တဲအောက်မှာနေတဲ့ ရဲဘော်လေးက မိသွားတယ်။ အဲဒီမိတဲ့နေရာနားက အိမ်ထဲမှာပဲ မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။ အခုအဖြစ်မျိုး ထပ်မဖြစ်ဖို့ ကင်းသမားတွေအနေနဲ့ သတိကြီးကြီးထားရမှာဖြစ်တယ်။ အထက် တာဝန်ရှိ လူကြီးတွေကလည်း သေချာကြပ်မတ်ကိုင်တွယ်သင့်ပါတယ်။ စစ်တပ်က‌တော့ ကိုယ့်ရဲဘော်တွေ မိရင်တော့  နှိပ်စက်မှာ သတ်မှာပဲလေ သူတို့ စစ်တပ် ထုံးစံပဲ” လို့ ပြောပါတယ်။

ဩဂုတ် ၂၀ ရက်က ကလေးမြို့အနီး စည်ပင်ကြီးရွာအနီးမှာ PDF အလောင်း ၃ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာ‌တွေက ထုတ်ပြန်ပါတယ်။

စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေး တပ်က ရဲဘော် ၃ ဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်တပ်က ထိခိုက်မှုအခြေအနေကိုတော့ မသိရပါဘူး။

မေ ၂၉ ရက်ကလည်း ကလေးမြို့၊တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ  ကလေးမြို့ပြ စစ်ဆင်‌ရေး Operation Mo Mo ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် ကိုဒီမို‌ (ခေါ်) ကိုရန်နိုင်ဦးဟာ  စစ်ကောင်စီတပ်ရဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး  ကျဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013