Home
မြန်မာသတင်း
ပုသိမ်ထောင်မှ နှစ်ကြီးအကျဉ်းသားများကို စစ်တပ်ကခေါ်ထုတ်သွားသဖြင့် မိသားစုဝင်များ စိုးရိမ်
DVB
·
August 21, 2024
Photo - MMK

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ နှစ်ကြီးပြစ်ဒဏ် ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေကို သြဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ စစ်ကောင်စီတပ်က မှန်လုံကားတွေနဲ့ လာရောက်ခေါ်ထုတ်သွားတယ်လို့ ပုသိမ်အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပုသိမ်အကျဉ်းထောင်ထဲက နှစ်ကြီးပြစ်ဒဏ် ချမှတ်ခံထားရတဲ့ အကျဉ်းသား အယောက် ၆၀ ကျော်ကို စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ မှန်လုံကားတွေနဲ့ ခေါ်ထုတ်သွားပြီးနောက် အကျဉ်းသားမိသားစုတွေ ဧည့်တွေ့ခွင့်သွားတော့ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးကျဉ်းသား မိသားစုဝင်တယောက်က “မနေ့က ဧည့်တွေ့သွားတော့ တွေ့ခွင့်မရခဲ့ဘူး။ ဒီရက်ထဲ လာလို့ အဆင်မပြေသေးဘူးပေါ့၊ ပြောလွှတ်တာ။ ထောင်အာဏာပိုင်တွေက ပြန်လွှတ်တာ။ ဘာလို့လဲ သိချင်ပါတယ်မေးတာ မရဘူး။ တကယ်စိတ်ပူတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ထောင်ပြောင်းရွှေ့တာတွေ မကြာခဏလုပ်လေ့ရှိပြီး အခုလို နှစ်ကြီး ပြစ်ဒဏ်ချခံထားရသူတွေကို ခေါ်ထုတ်သွားတာမျိုး မရှိခဲ့ဖူးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ပြစ်ဒဏ် ၁၀ နှစ် ၁၅ နှစ်နဲ့အထက် အကျဉ်းသားတွေကို ခေါ်ထုတ်သွားတာ။ ထောင်ပြောင်းခေါ်သွားတာ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ တနေရာရာမှာ အသုံးချဖို့ ခေါ်ထုတ်သွားတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မတွေ၊ အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ မတရား ဖမ်းဆီးအကျဉ်းချခံထားရသူတွေ အများအပြား ရှိနေတာကြောင့် မိသားစုဝင်တွေက စိတ်ပူကာ လိုက်လံစုံစမ်းနေပြီး ဒီနေ့ သြဂုတ် ၂၁ ရက်အထိ အဆက်အသွယ် မရသေးဘဲ ဖြစ်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ထဲကနေ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသား အယောက် ၂၀ ကျော်ကို ထောင်ပြောင်းတယ်လို့ ပြောကာ ခေါ်ထုတ်သွားခဲ့သေးတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013