ဂျာမနီကွင်းလယ်လူ ဂန်ဒိုဂန်ဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ဂန်ဒိုဂန်ဟာ ၂၀၁၁ ခုနှစ်မှာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ပထမဆုံးကစားပေးခဲ့သူဖြစ်ပြီး ၈၂ ပွဲမှာ ၁၉ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဂန်ဒိုဂန်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ၅ ပွဲစလုံးပါဝင်ကစားခဲ့ကာ ကွာတားဖိုင်နယ်မှာ စပိန်အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဂန်ဒိုဂန်က “ယူရိုပြိုင်ပွဲမတိုင်မီကတည်းက ကျနော့ရဲ့ ခန္ဓာကိုယ်က မောပန်းမှုတွေကို ခံစားခဲ့ရပါတယ်။ ဒါ့ကြောင့် လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောပါတယ်။
ဂန်ဒိုဂန်ဟာ ၂၀၁၃ ခုနှစ်မှာ ကျောဒဏ်ရာ ရရှိခဲ့တာကြောင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဂျာမနီအသင်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ နိုင်ငံအသင်းအောင်မြင်မှုနဲ့ လွဲချော်ခဲ့ပါတယ်။ ဂန်ဒိုဂန်ဟာ ဂျာမနီအသင်းအတွက် ယူရိုပြိုင်ပွဲ ၃ ကြိမ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ် ကစားပေးခဲ့သူဖြစ်ပါတယ်။
Photo-Reuters