ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့တဲ့ မျောက်ကျောက်ရောဂါ mpox ရောဂါဖြစ်ပွားမှုရဲ့ ဗဟိုချက်ပါ။
မန်ဂူရီကို့စ် ရပ်ကွက်လို နေရာတွေဟာ အထင်ရှားဆုံးနဲ့ ပံ့ပိုးကူညီမှု လိုအပ်နေတဲ့ နေရာတွေထဲမှာ ပါနေပါတယ်။
နိုင်ငံတကာအသိုက်အဝန်းဟာ လုံလောက်တဲ့ ကာကွယ်ဆေးတွေရဖို့ ကြိုးပမ်းနေပါတယ်။ ကွန်ဂိုနဲ့ တခြားနေရာတွေမှာ ထိခိုက်လွယ်ဆုံးသူတွေက ပုံမှန်အားဖြင့် အပျော့စားဖြစ်ပေမဲ့ လူသေစေနိုင်တဲ့ ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်နိုင်ရေးအတွက် မှန်ကန်တဲ့ အသိပညာနဲ့ အရင်းအမြစ်တွေရှိတာ သေချာစေဖို့ လုပ်ဆောင်ရမယ့် အလုပ်ပမာဏကို မန်ဂူရီကို့စ်ရဲ့ အတွေ့အကြုံက မီးမောင်းထိုးပြခဲ့ပါတယ်။
အတိမ်းအစောင်းမခံတဲ့ အခြေအနေမှာ သူတို့လုပ်သင့်တာတွေကို လူတွေနဲ့ ဆက်သွယ်ပြောဆိုခြင်းဟာ အရေးကြီးပါတယ်လို့ Chatham House ကမ္ဘာ့ကျန်းမာရေး အစီအစဉ်ရဲ့ တွဲဖက်အုပ်ချုပ်ရေးမှူး အီဗျဲရဲ အော်ခယ်ရဲ့ခါက ပြောပါတယ်။
“အန္တရာယ်ရှိတဲ့သူတွေက သတင်းမှန်တွေ ချက်ချင်းရဖို့လိုတယ်” လို့ သူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ကွန်ဂိုနဲ့ တခြား အာဖရိကနိုင်ငံတွေက စိန်ခေါ်မှုမှာ သုတေသနအတွက် ရန်ပုံငွေမရှိတာလို့ တောင်အာဖရိက mpox ဖြစ်ရပ် စီမံခန့်ခွဲမှုအဖွဲ့ ပူးတွဲဥက္ကဋ္ဌ ဟယ်လန် ရီးစ်က ပြောပါတယ်။
“မျောက်ကျောက်ရောဂါဖြစ်ပွားပုံ၊ ကူးစက်ပျံ့နှံ့ပုံ၊ ရောဂါလက္ခဏာပြတဲ့ ကူးစက်ခံဦးရေ ဘယ်လောက်ရှိလဲ ဆိုတာတွေကို ကျမတို့ တကမ္ဘာလုံး နားမလည်သေးပါဘူး” လို့လည်း သူက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ကွန်ဂိုမှာ ၂၀၂၃ ဇန်နဝါရီလကစပြီး လက်ရှိအချိန်ထိ မျောက်ကျောက်ရောဂါ ကူးစက်မှုအတွင်း ကူးစက်ခံရသူ အယောက် ၂၇,၀၀၀ ဝန်းကျင်နဲ့ သေဆုံးသူ အယောက် ၁,၁၀၀ ကျော်ရှိခဲ့ပြီး ဗိုင်းရပ်စ်ဟာ နီးစပ်ရာနိုင်ငံတွေဆီ ပျံ့နှံ့သွားခဲ့ပါတယ်။
Source-Reuters