Home
နိုင်ငံတကာ
ကွန်ဂိုအတွက် မျောက်ကျောက်ရောဂါကာကွယ်ဆေး ရရှိရန် မျှော်လင့်
DVB
·
August 20, 2024
Photo - Reuters

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရဲ့ မျောက်ကျောက်ရောဂါကပ်ဘေး ဖြစ်ပွားမှုကို တိုက်ဖျက်ရာမှာ ကူညီဖို့ အမေရိကန်နဲ့ ဂျပန်တို့က ကတိပြုပြီးနောက်မှာ ကွန်ဂိုနိုင်ငံဟာ သူ့ရဲ့ ပထမဆုံးအကြိမ် mpox ကာကွယ်ဆေးကို လာမယ့်သီတင်းပတ်မှာ လက်ခံရရှိဖို့ မျှော်လင့်ထားကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးက သြဂုတ် ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

“ကွန်ဂိုမှာ နောက်ဆုံးရရှိထားတဲ့ ကိန်းဂဏန်းတွေအရ ရောဂါဖြစ်ပွားမှု ၁၆,၇၀၀ မှုရှိကြောင်း မှတ်တမ်းတင်ထားပြီး လူပေါင်း ၅၇၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီရောဂါမှာ အသစ်အဆန်း ဖြစ်တာဆိုရင် လူငယ်တွေကို ကူးစက်မှုက ပိုပိုများလာတာဖြစ်ပြီး အသက် ၁၅ နှစ်အောက် ကလေးတွေမှာတောင် ကူးစက်ခံနေရပြီ” လို့ ကွန်ဂို ကျန်းမာရေးဝန်ကြီး မူလမ်ဘာက ပြောပါတယ်။

ကူးစက်မှုပျံ့နှံ့ခြင်းရဲ့ အဓိကနည်းလမ်းကတော့ တိုက်ရိုက်ထိတွေ့ခြင်းဖြစ်ပြီး တိရစ္ဆာန်တွေနဲ့ ထိတွေ့ဆက်ဆံပြီး လိင်ပိုင်းဆိုင်ရာ ကူးစက်မှုကြောင့် ဖြစ်တယ်လို့လည်း မူလမ်ဘာက ဆိုပါတယ်။

သြဂုတ် ၁၉ ရက် သတင်းစာရှင်းလင်းပွဲတခုမှာ ကျန်းမာရေးဝန်ကြီး ဆမ်မြူယယ် ရိုဂါကမ်ဘာ မူလမ်ဘာက ကွန်ဂိုနိုင်ငံကို ကာကွယ်ဆေးတွေ ထိုးပေးမယ်လို့ ကတိပြုခဲ့ကြတဲ့ ၂ နိုင်ငံရှိပြီး ဂျပန်နိုင်ငံနဲ့ အမေရိကန်တို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကာကွယ်ဆေးတွေ ရောက်လာဖို့ စောင့်နေတာဖြစ်ပြီး မဟာဗျူဟာမြောက် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်ကလည်း အဆင်သင့်ဖြစ်နေပါပြီ” လို့လည်း သူကဆိုပါတယ်။

ကွန်ဂိုကို ကာကွယ်ဆေးတွေ ရောက်လာခဲ့ရင် ၂၀၂၂ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ မျောက်ကျောက်ရောဂါ ဖြစ်ပွားချိန်မှာ ဥရောပနဲ့ အမေရိကတို့မှာ ကာကွယ်ဆေးတွေကို တွင်တွင်ကျယ်ကျယ် ရရှိနေခဲ့ပေမဲ့ အာဖရိကနိုင်ငံတွေဆီ ရောက်မလာခဲ့တဲ့ မမျှတမှုကြီးကို ဖြေရှင်းဖို့ အထောက်အကူ ဖြစ်သွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ပြီးခဲ့တဲ့အပတ်က မျောက်ကျောက်ရောဂါကို ၂ နှစ်အတွင်း ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး အာဖရိကမှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့ခဲ့တာကတော့ Clade Ib လို့ခေါ်တဲ့ ရောဂါမျိုးကွဲအသစ် ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013