မိုးသည်းထန်စွာ ရွာနေတဲ့ညနေခင်းတခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ မြစ်ကြီးနားမြို့နယ်တွင်း၊ ရေကြီးတဲ့ ရပ်ကွက်တွေက ပြည်သူတွေကို ကယ်ဖို့အတွက် ကိုမျိုးမင်းဇော်ဟာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ အိမ်ကနေ ထွက်သွားခဲ့တယ်။ အဲ့ဒီနေ့က မိသားစုတွေ သူ့ကို နောက်ဆုံး တွေ့မြင်ခဲ့ရတဲ့နေ့ ဖြစ်ပါတယ်။
“ဇူလိုင်လ ၁ ရက်နေ့ကနေစပြီး သူနဲ့ လုံးဝ အဆက်အသွယ် လုံးဝမရတော့ဘူး။ ရေကျတော့မှ အလောင်းပေါ်လာတာ မျက်နှာတောင် မမှတ်မိဘူး၊ အရမ်းရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့၊ ဝတ်ထားတဲ့အင်္ကျီရယ်၊ လက်က တတ်တူး (ဆေးမင်ကြောင်)ရယ် မြင်မှ မှတ်မိတာ”
ဒီဖြစ်ရပ်က ၂၀၂၄ ခုနှစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရေကြီးမှုဖြစ်စဉ်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဇွန်လ ၃၀ ရက်က ကယ်ဆယ်ရေးတွေ မလုံလောက်တဲ့ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ဖို့ ထွက်လာတဲ့ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာက အသက် ၂၄ နှစ်အရွယ် ကိုမျိုးမင်းဇော်ဟာ သူကိုယ်တိုင် ကူကယ်ရာမဲ့တဲ့ အနေအထားတခုကို ရောက်ခဲ့ချိန်မှာတော့ ရေစီးနဲ့မျောပါပြီး အသက်ပါ ပေးလိုက်ရပါတော့တယ်။ သူ့ရဲ့အလောင်းကိုတော့ ဇူလိုင် ၃ ရက်နေ့၊ ရေပြန်ကျသွားချိန်မှသာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
မိသားစုနဲ့နီးစပ်သူ လီလီက“ အိမ်ကသိလို့လိုက်သွားတော့ အလောင်းမမြင်လိုက်ရဘူး၊ ရဲတွေဆီက ဓာတ်ပုံပဲ မြင်လိုက်ရတယ်။ အလောင်းက ပုပ်ပွပြီး အနံ့ တအားနံနေလို့ အဲဒီညနေမှာပဲ ရဲတွေက ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုဟ်လိုက်ရတယ်” လို့ ပြောပြပါတယ်။
ကိုမျိုးမင်းဇော်မှာ သားတယောက်နဲ့ သမီးတယောက် ကျန်ရှိလို့နေခဲ့ပါတယ်။ ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့မှာ သေဆုံးခဲ့တဲ့သူက ကိုမျိုးမင်းဇော်တယောက်တည်း မဟုတ်ခဲ့ပါဘူး။ အသက်အရွယ် ကြီးရင့်နေတဲ့ အဘွားတဦး အပါအဝင် ၁၀ ဦးဝန်းကျင်လောက် သေဆုံးသွားတယ်လို့ မြစ်ကြီးနား ဆေးရုံကြီးနဲ့နီးစပ်တဲ့ လူမှုကယ်ဆယ်ရေးပါဝင်ကူညီပေးခဲ့တဲ့ ကိုသူက ပြောပြပါတယ်။
မြစ်ကြီးနားနဲ့ မိုင် ၉၀ ကွာဝေးတဲ့ ဖားကန့်မြို့မှာလည်း ဇူလိုင်လဆန်းပိုင်းမှာ ဥရုချောင်း ရေကြီးမှုကြောင့် ရေစီးနဲ့အတူ မျောပါသွားတဲ့ အရပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။
အလားတူ ကရင်ပြည်နယ်မှာလည်း ဇူလိုင်လ နောက်ဆုံးပတ်လောက်က တောင်ကျရေ စီးဆင်းမှုတွေနဲ့ သံလွင်၊ သောင်ရင်း၊ ဟောင်သရော စတဲ့ မြစ်တွေမှာ ရေကြီးမှုကြောင့် မြို့ပေါ်တွေအထိ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ သေဆုံးတဲ့ အရေအတွက် ငါးဦးရှိပြီး မြဝတီမြို့နယ်က ၃ နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် သုံးဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ကျိုက်ဒုံမြို့က တဦး၊ ဘားအံမြို့နယ်က တဦးဖြစ်ပါတယ်။
ဇူလိုင်လ နောက်ဆုံးအပတ်မှာ စစ်တောင်းမြစ်နဲ့ ပဲခူးမြစ်တို့ကနေ ရေလျှံမှုကြောင့် ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး ပဲခူးမြို့ပေါ်မှာ လေးဦး၊ ကျောက်ကြီးမြို့နယ်မှာ တဦး၊ ပန်းတောင်းမြို့နယ်မှာ နှစ်ဦး၊ လက်ပံတန်းမြို့နယ်မှာ တဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ပါတယ်။
တဆက်တည်းမှာပဲ ဇူလိုင်လနောက်ဆုံးအပတ်ကနေ သြဂုတ်လ ပထမအပတ်အတွင်း တနင်္သာရီတိုင်းအတွင်း ရေကြီးမှုကြောင့် တနင်္သာရီမြို့နယ်မှာ ခုနစ်ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ မြောက်ဦး၊ ဘူးသီးတောင်၊ မင်းပြား စတဲ့ နေရာတွေမှာလည်း ဩဂုတ်လဆန်းပိုင်းက ရေကြီးရေလျှံမှုကြောင့် အသက် ၅၀ ကျော် လူကြီးပိုင်းတွေနဲ့ ၁၀ နှစ်အောက်ကလေးငယ်တွေ အပါအဝင် ခြောက်ဦး သေဆုံးခဲ့ပါသေးတယ်။
လေ့လာချက်တွေအရ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကနေ ဩဂုတ်လဆန်းပိုင်းအထိ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ အယောက် ၄၀ ထက်မနည်း ရှိခဲ့ပါတယ်။
ဘယ်မြို့တွေမှာ ရေကြီးခဲ့လဲ
မြန်မာရယ်လို့ ပြောလိုက်တာနဲ့ နိုင်ငံမြောက်ဖျားပိုင်း မေခမြစ်နဲ့ မလိခမြစ်တို့ ပေါင်းဆုံရာကနေ ဖြစ်ပေါ်လာတဲ့ ဧရာဝတီမြစ်က မပါမဖြစ် အလှတရားတခုပါပဲ။ မြစ်တို့ရဲ့မာယာ ဆိုတဲ့အတိုင်း ဘယ်လောက်ပဲ လှပပါစေ၊ အရိုင်းဆန်လာတဲ့အခါမှာတော့ မြစ်ကမ်းတလျှောက်မှာ မှီတင်းနေထိုင်တဲ့ လူ့အသက်တွေ အပါအဝင် လူမှုဘဝ အိုးအိမ်စည်းစိမ်တွေ၊ ကျွဲ နွား တိရစ္ဆာန်တွေရဲ့ အသက်တွေကိုပါ နုတ်ယူသွားတတ်ပါတယ်။
၂၀၀၄ ခုနှစ်က နောက်ဆုံး ရေကြီးရေလျှံခဲ့တဲ့ မြစ်ကြီးနားမြို့ဟာလည်း နှစ်ပေါင်း ၂၀ ကြာပြီး ၂၀၂၄ ခုနှစ်မှာ နောက်ထပ်တကြိမ် ကြီးမားတဲ့ ရေကြီးရေလျှံမှု ထပ်ဖြစ်ခဲ့ပါတယ်။
မြစ်ကြီးနားမြို့ခံ အန်လ်ဆိုင်းလုက “၂၀၀၄ တုန်းက ရေကြီးဖူးပေမဲ့ အခုလောက်တော့ ဆုံးရှုံးမှုမများဘူး။ အခုကတော့ ဆုံးရှုံးမှု ပိုများတယ်။ မရွှေ့ပြောင်းနိုင်တဲ့ပရိဘောဂတွေ၊ ဆန်တွေ၊ ဆိုင်ကယ်နဲ့ အဝတ်အစားတွေပေါ့၊ အဒေ့ါ်ဆန်ဆိုင်ဆို သိန်းနှစ်ရာဖိုး ဆုံးရှုံးသွားတယ်။ ဆိုင်ကယ်ငါးစီးနဲ့” လို့ ပြောပြပါတယ်။
ဒီနှစ် မိုးရာသီအတွင်းမှာတော့ မြစ်ကြီးနားသာမက မြန်မာနိုင်ငံတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း စတဲ့ မြစ်ကြီးလေးစင်းနဲ့ မြစ်ငယ်၊ ချောင်းငယ် အသွယ်သွယ်ရဲ့ ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းတလျှောက်က မြို့တွေဟာ ရေကြီးရေလျှံမှုဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရပါတယ်။
မိုးလေဝသပညာ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က “ရေကြီးရေလျှံမှုဖြစ်တယ်ဆိုတာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဖျားပိုင်းမှာ မိုးအလွန်များတာကြောင့် ဧရာဝတီနဲ့ ချင်းတွင်းမြစ်တလျှောက်အပြင်၊ လှိုင်မြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်စတဲ့ မြစ်ဝှမ်းတလျှောက်ဒေသတွေမှာ မိုးတွေ များလာပြီး ရေကြီးရေလျှံတာတွေ ဖြစ်ကုန်တာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကနေ သြဂုတ်လဆန်းအထိ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ရှမ်း၊ ကရင်နီ စတဲ့ တိုင်းနဲ့ပြည်နယ် ၁၂ ခုရဲ့ မြို့နယ် ၁၀၀ ဝန်းကျင်က ပြည်သူတွေဟာ ရေကြီးရေလျှံမှု ဒဏ်ခံခဲ့ကြရပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ပြည်သူ ၂ သိန်းကျော်၊ အိမ်ထောင်စု ၅ သောင်းကျော် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တခုက အခြေခံလူတန်းစား မိသားစုတစုဟာ ဆိုရင်လည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း သောင်ရင်းမြစ်ရေလျှံပြီး ရေကြီးခဲ့လို့ အိုးအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားခဲ့ရပါတယ်။
မြဝတီမြို့ခံ၊ လူမှုကယ်ဆယ်ရေး ဝိုင်းဝန်းကူညီပေးသူ ကိုဆွာဘဲ (အမည်လွှဲ)က “ကျနော်တို့ အိမ်မှာ ရေဘေးလာရှောင်တဲ့ မိသားစုလေးယောက်ဆို ပိုက်ဆံ ၆၀၀၀ ပဲ ပါတယ်။ ကျနော် တွေ့တဲ့ အချိန်မှာ ကလေးက အဖျားတက်ပြီး နှာခေါင်းသွေးတွေ ကျနေတာ။ ကလေးက နှစ်နှစ်ပဲ ရှိသေးတယ်။ အဲဒါကြောင့် ကျနော့်အိမ် ခေါ်လာလိုက်တယ်။ သူတို့အိမ်ကို သွားပြန်ကြည့်တဲ့အခါကျတော့ သူတို့အိမ်က အနိမ့်ပိုင်းဖြစ်တော့ တပတ်လောက်အထိ ရေမကျဘူး၊ သူတို့ဆို အခု ဘာမှမရှိတော့ဘူး၊ ကျနော် မိန်းမက အဝတ်အစားတွေ ပေးလိုက်တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာသာမက ၂၀၂၄ အတွင်း ကမ္ဘာ့နိုင်ငံတွေထဲက အာဖဂန်နစ္စတန်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ကင်ညာ၊ အိုမန်၊ ယူအေအီး အပါအဝင် နိုင်ငံအများအပြားမှာ ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ဘာကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်သလဲ
သဘာဝရေစီးကြောင်းတွေက ပိုလျှံနေတဲ့ ရေတွေကို သယ်ဆောင်နိုင်စွမ်းမရှိတဲ့အခါ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးတာ အဖြစ်များပါတယ်။ ဒါ့အပြင် အပူပိုင်းဆိုင်ကလုန်း၊ ဆိုင်ကလုန်း၊ ဆူနာမီ၊ ဒီရေတက်တာတွေနဲ့ ဆက်စပ်တဲ့ မုန်တိုင်း ဒီရေလှိုင်းတွေကြောင့်လည်း ရေလျှံမှု၊ ရေကြီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ရေကြီးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ ဘေးအန္တရာယ်တခုဖြစ်ပေမဲ့ အပူဒဏ်တွေကြောင့် ရာသီဥတု အပြောင်းအလဲဖြစ်ပေါ်ပြီး မိုးရွာသွန်းမှု ပိုမိုဖြစ်ပွားကာ ရေကြီးမှုနှုန်းများလာတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
အစွန်းရောက် သဘာဝဘေးတခုဖြစ်ပြီး အလွန်အမင်း ပူနွေးခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်တခု ဖြစ်တဲ့ အယ်လ်နီညိုက ရေကြီးရေလျှံမှုတွေ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တခု ဖြစ်ပါတယ်။
အယ်လ်နီညိုဖြစ်စဉ် အားကောင်းရင် တချို့ဒေသတွေမှာ အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်းခြင်း၊ သောက်သုံးရေ ရှားပါးခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပြီး တချို့ဒေသတွေမှာတော့ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါ့အပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် သမုဒ္ဒရာရေ ပူနွေးခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး မုန်တိုင်း၊ ဒီရေလှိုင်းတွေကို ဖြစ်ပေါ်စေကာ ပင်လယ်ကမ်းရိုးတန်းတလျှောက် ရေလွှမ်းမိုးမှု ဘေးအန္တရာယ်ကို ကြုံတွေ့ရပါတယ်။ အယ်လ်နီညိုက ယေဘုယျအားဖြင့် ငါးနှစ်မှ ခုနစ်နှစ်အတွင်း တကြိမ် ဖြစ်ပေါ်လေ့ရှိပေမဲ့ နောက်ပိုင်းကာလတွေမှာ နှစ်နှစ်မှ သုံးနှစ်အတွင်း တကြိမ် ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခု၊ မေလအလယ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာလည်း အယ်လ်နီညိုရဲ့ ရှေ့ပြေးလက္ခဏာတခုဖြစ်တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။ မိုခါမုန်တိုင်းကြောင့် လူဦးရေ ၅ ဒသမ ၄ သန်းဟာ မုန်တိုင်းဒဏ်ကို ဆိုးရွာစွာ ခံစားခဲ့ရပါတယ်။
မိုခါမုန်တိုင်းအပြီး ငါးလအကြာ အောက်တိုဘာလမှာ မြန်မာနိုင်ငံအတွင်း အယ်လ်နီညိုဖြစ်စဉ် စတင်ခဲ့ပြီး ၂၀၂၄ ခု၊ ဧပြီလကုန်ပိုင်းအထိ ဖြစ်ပေါ်ခဲ့ပါတယ်။ အယ်လ်နီညိုနှောင်းပိုင်း၊ ဧပြီလအတွင်းမှာတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းက ချောက်မြို့ဟာ အပူချိန် ၄၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံးဒေသအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။
အယ်လ်နီညို ပျက်ပြီး နှစ်လအတွင်း မြန်မာနိုင်ငံအနှံ့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေ စတင်ခဲ့ပါတော့တယ်။
မိုးလေဝသပညာ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က “အယ်လ်နီညိုအားကောင်းနေချိန်မှာ ပူပြင်းခြောက်သွေ့နေရာက အယ်လ်နီညို ပျက်ပြယ်ပြီး Neutral ဖြစ်သွားချိန်မှာ မုတ်သုံဝင်ချိန်နဲ့လည်း တိုက်ဆိုင်ပါတယ်။ ပူနေတဲ့ ပင်လယ်ပြင်က ရေခိုးရေငွေ့တွေ ပိုမိုအငွေ့ပျံတာကြောင့် ရေခိုးရေငွေ့ကြွယ်ဝတဲ့ တိမ်တွေက အနောက်တောင်မုတ်သုံလေနဲ့ ကုန်းတွင်းကို ဝင်ချိန်မှာ - အရှေ့/အရှေ့မြောက်လေစီးကြောင်းနဲ့ပါလာတဲ့ လေအေးစီးကြောင်းတွေ ထိတွေ့ပြီး မုတ်သုံမိုးတွေ စရွာပါတယ်။ ရွာလိုက်တဲ့ မိုးရေချိန်ကများရင် ရေကြီးပါတယ်။ အယ်လ်နီညိုကြောင့် ပူပြင်းခြောက်သွေ့တဲ့ ကုန်းမြေ၊ ခန်းခြောက်နေတဲ့ ဆည်မြောင်း ချောင်းကန်တွေကြောင့် ရေကြီးတာက တအားမဆိုးနိုင်ပေမဲ့ မုတ်သုံဝင်ချိန်နဲ့ တိုက်ဆိုင်ပြီး အောက်အရပ်(မြန်မာပြည်တောင်ပိုင်း)မှာ မိုးတွေရွာ၊ အောက်ရေက ထောက်ဖြစ်လို့ ရေကြီးတာက ဆိုးသွားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရေကြီးရေလျှံမှုတွေဟာ နှစ်စဉ် အဖြစ်အများဆုံးနဲ့ ကာလရှည်ကြာ ပျက်စီးမှု အများဆုံးဖြစ်စေတဲ့ သဘာဝဘေးအန္တရာယ်တခုဖြစ်ပါတယ်။ ကမ္ဘာတဝန်း ရေကြီးရေလျှံမှုတွေကြောင့် နှစ်စဉ် လူဦးရေ သန်းပေါင်း ၂၅၀ ခန့်ကို ထိခိုက်မှု ဖြစ်စေပြီး နှစ်စဉ် ကန်ဒေါ်လာ ၄၀ ဘီလီယံကျော် ပျက်စီးမှု ဖြစ်ပေါ်စေကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)က ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ဘယ်အချိန်က ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့လဲ
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မိုးနှောင်းကာလ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ငမိုးရိပ်တမံ ရေပိုလွှဲက ထုတ်လွှတ်တဲ့ ရေကြောင့် ပဲခူး၊ အရှေ့ဒဂုံနဲ့ လှည်းကူးမြို့နယ်အတွင်းက ပြည်သူတွေ ရေကြီးရေလျှံမှုဒဏ်ခံစားခဲ့ရပါတယ်။
ဦးဝင်းနိုင်က “ပြီးခဲ့တဲ့ မိုးနှောင်းရာသီအတွင်း (၂၀၂၃ စက်တင်ဘာ-အောက်တိုဘာလအတွင်း) ပဲခူး၊ လှည်းကူးနဲ့ ရန်ကုန်အရှေ့ပိုင်း(အရှေ့ဒဂုံ)မှာ ရေကြီးတာက အဆိုးဆုံးပါဘဲ။ ကျနော် လှည်းကူးကို ပြောင်းရွှေ့အခြေချပြီး ၄ နှစ်ကျော်မှ လှည်းကူး ရေကြီးတာကို ကြုံဖူးတာပါ။ ဒေသခံတွေကတော့ နှစ်ပေါင်း ၄၀ ကြာမှ လှည်းကူးမှာ ဒီလိုရေပြန်ကြီးတာလို့ ပြောကြပါတယ်”လို့ သူကိုယ်တိုင် ကြုံခဲ့ရတဲ့ ရေကြီးမှု ဖြစ်စဉ်တခုကို ပြန်ပြောင်းပြောပြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုဟာလည်း တိုင်းနဲ့ ပြည်နယ် ၁၂ ခုက လူ ၁၇၂ ကျော်သေဆုံးခဲ့တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ကိုမန်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ဆည်၊ တာတမံတွေက ရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လူဦးရေ ကိုးသန်းကျော် ထိခိုက်ခံစားခဲ့ရပြီး လူဦးရေ ၁၇ သိန်းခန့် ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။ လယ်ဧက ၁၄ သိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး လယ်ဧက ၇ သိန်းခန့် လုံးဝ ပျက်စီးသွားခဲ့ရပါတယ်။
၂၀၀၄ ခုနှစ်၊ မေလ ၁၉ ရက်ကနေ ဇွန် ၉ ရက်အထိ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုဟာလည်း ထိခိုက်မှု ဆိုးရွားခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်ရေးရုံး (UNOCHA) က ဖော်ပြထားပါတယ်။ ရခိုင်ကမ်းရိုးတန်းဒေသက မြို့နယ်ရှစ်ခုကို အဓိက ဝင်ရောက်ခဲ့တဲ့ အဲဒီမုန်တိုင်းဟာ လူပေါင်း ၂၂၀ ခန့် သေဆုံးစေခဲ့ပြီး လူပေါင်း ၁၄၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တယ်လို့ UNOCHA က ဆိုပါတယ်။
ရေကြီးမှု နောက်ဆက်တွဲ ဘာတွေ ဖြစ်လဲ
ပဲခူးမြို့ပေါ်၊ ဗိုလ်မင်းရောင်ရပ်ကွက်မှာ ရေပြန်ကျတာ တပတ်ကျော်ပြီဖြစ်ပေမဲ့ လျှပ်စစ်မီး ပြတ်တောက်တာ၊ လူနေအိမ်အတွင်း ကြွက်ဝင်တာ၊ မိလ္လာပြဿနာနဲ့ သောက်သုံးရေ ပြဿနာ တွေကို ယနေ့အထိ ကြုံတွေ့နေရဆဲဖြစ်တယ်လို့ ဗိုလ်မင်းရောင်ရပ်ကွက်၊ စျေးအနီးနေထိုင်တဲ့ မရတနာ (အမည်လွှဲ)က ပြောပါတယ်။
“ရေကျသွားတာတောင်မှ ပုပ်စော်တွေနံပြီး ကျန်ခဲ့တယ်။ မီးက ရေစတက်လာကတည်းကနေ ကိုးရက်လောက် ပျက်သွားလို့ ရေမကြီးတဲ့အပိုင်းတွေမှာ အားသွင်းတာတို့ ဘာတို့ လုပ်ရတယ်။ ပြီးတော့ အိမ်သာလည်း တက်လို့ အဆင်မပြေဘူး ရေတောင် မိုးရေခံသုံးရတယ်။ ကြွက်တွေကတော့ သောင်းကျန်းချက်ပဲ၊ အိပ်ရာထဲတောင် သုံး၊ လေးကောင် ဝင်တယ်။”
ရေကြီးရေလျှံမှုဒဏ်ခံရတဲ့ဒေသတွေဟာ သောက်သုံးရေပြဿနာ၊ မိလ္လာပြဿနာနဲ့ လျှပ်စစ်မီး ပြတ်တောက်မှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်တွေကို နောက်ဆက်တွဲအနေနဲ့ ကာလရှည်ကြာ ဆက်ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ကမ်းပါးပြိုတာတွေ၊ မြေပြိုတာတွေ၊ တောင်ပြိုတာတွေကလည်း ရှောင်လွှဲလို့မရတဲ့ ပြဿနာတွေပါ။
ကျန်းမာရေးအနေနဲ့လည်း အသက်သေဆုံးစေနိုင်တဲ့အထိ ပြင်းထန်တဲ့ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ၊ ကာလဝမ်း၊ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေး စတဲ့ ရောဂါတွေ ခံစားရပါတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။
ဦးဝင်းနိုင်က “အဲ့သလို သဘာဝဘေးတွေဖြစ်တတ်တဲ့ ဒေသတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်လို ဆက်လုပ်ကြရမယ်ဆိုတာ ကြိုတင်စီမံမှုတွေ လုပ်ထားကြပါတယ်။ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တဲ့ထဲက ကျန်းမာရေးနဲ့ဆိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ ပြန်လည်နေရာချထားရေး (မြစ်ကမ်းပါးပြို၊ မြေပြို၊ တောင်ပြိုဒေသက ပြည်သူတွေအတွက်) လိုအပ်တဲ့ စီမံချက်တွေလည်း ရှိထားရပါမယ်။ ကာကွယ်လို့ မရပါဘူး၊ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရေကြီးမှု မဖြစ်ခင် ဘာတွေ ပြင်ဆင်ထားသင့်လဲ
“ကာကွယ်ခြင်းထက် ကြိုတင်ပြင်ဆင်ခြင်းက အကောင်းဆုံးသော နည်းလမ်းဖြစ်တယ်”ဆိုတဲ့ ဆိုရိုးစကားက ကျန်းမာရေးနယ်ပယ်မှာတင်မကဘဲ ရေကြီးမှု သဘာဝဘေးအန္တရာယ်မှာလည်း အကျုံးဝင်ပါတယ်။
လူတွေအနေနဲ့ ရာသီဥတုအပြောင်းအလဲနဲ့ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို လျစ်လျူရှုထားသမျှ ကာလပတ်လုံး ရေကြီးမှုတွေက နှစ်စဉ်ဖြစ်နေဆဲ ဖြစ်မှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
“ဒါတွေကို ဖြေရှင်းဖို့ ဝိုင်းဝန်းဆောင်ရွက်ကြရမှာတွေက တကမ္ဘာလုံးအတိုင်းအတာနဲ့ကို ကျယ်ပြန့်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ ဘာတွေ လုပ်နေသလဲ၊ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ညစ်ညမ်းမှုတွေအတွက် ဘယ်လိုတွေ ဆောင်ရွက်နေသလဲ၊ သူတို့ပြည်သူတွေ ရေလုပ်ငန်းနဲ့ သက်မွေဝမ်းကျောင်းပြုနေသူတွေ ဘယ်လို လိုက်နာနေကြသလဲ၊ လိုက်နာအောင် အစိုးရအဖွဲ့အစည်းတွေက ဘယ်လို ကြပ်မတ်ဆောင်ရွက်နေသလဲ စသဖြင့် ဒါတွေကို လေ့လာပြီး တတ်နိုင်သလောက် လိုက်လုပ်ကြရပါမယ်။ လိုက်နာမှုတွေရှိလာအောင်လည်း တတ်နိုင်သလောက် ကြပ်မတ်ပေးကြရပါမယ်”
ထို့ပြင် ရေကြီးရေလျှံမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းစဉ်တွေ၊ ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဖို့ အဓိက တာဝန်အရှိဆုံးက နိုင်ငံရဲ့ အစိုးရဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
“အစိုးရဆိုတာ စီမံခန့်ခွဲအုပ်ချုပ်ရတဲ့ အဖွဲ့အစည်းမဟုတ်လား၊ အစိုးရအဖွဲ့က ဒီလို သဘာဝဘေးတွေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ ကာကွယ်နိုင်တာကို ကာကွယ်ပေးနိုင်ဖို့ တာဝန်အရှိဆုံး နိုင်ငံ့အဖွဲ့အစည်း ဖြစ်ပါတယ်။”
တဆက်တည်းအနေဖြင့် ရေကြီးရေလျှံမှုတွေဟာ မိုးနှောင်းကာလနဲ့ မိုးလွန်ရာသီတွေမှာ အဖြစ်များတဲ့အတွက် သတိထားဖို့ လိုအပ်ကြောင်းကိုလည်း ဦးဝင်းနိုင်က ဆက်ပြီး သတိပေးပါတယ်။
မိုးနှောင်းရာသီအတွင်း စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိနဲ့ မိုးလွန်ရာသီ အောက်တိုဘာ ၁၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အတွင်း နှစ်တနှစ်ရဲ့ နောက်ဆုံး ရေကြီးကာလဖြစ်တတ်တာကိုတော့ ၂၀၂၄ ခုနှစ်အကုန်ပိုင်းမှာ သတိထားရပါမယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
နွေဦး၊ ခိုင်ဝဿန်၊ ခယ်မေရှင်
(MMTI သတင်းပညာသင်တန်းကျောင်းတွင် ရေးသားသည်။)