ဂျပန်နိုင်ငံမြောက်ပိုင်း၊ ဟော့ကိုင်းဒိုးကျွန်းရှိ နယူးချိတိုးဆဲလေဆိပ်မှာ ဂိတ်ပေါက်နားက ဆိုင်တဆိုင်ဟာ ကတ်ကြေးကို နေရာမှား ချထားမိပြီးနောက်မှာ သြဂုတ် ၁၇ ရက်က ခရီးသည်တွေ နှောင့်နှေးခဲ့ရပြီး လေယာဉ်ခရီးစဉ်တွေလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ကတ်ကြေး ပျောက်ဆုံးကြောင်း အစီရင်ခံခဲ့ပြီးနောက်မှာ ဂျပန်လေဆိပ်မှ လုံခြုံရေး စစ်ဆေးရေးဂိတ်တွေကို ၂ နာရီကြာ ပိတ်ထားခဲ့ကြောင်း သိရပါတယ်။
အခန့်မသင့်တဲ့ မတော်တဆမှုကြောင့် စုစုပေါင်း လေယာဉ်ခရီးစဉ် ၃၆ ခု ဖျက်သိမ်းခဲ့ပြီး ခရီးစဉ် ၂၀၁ ခု နှောင့်နှေးခဲ့ရတယ်လို့ ဂျပန်နိုင်ငံပိုင်ရုပ်သံလိုင်း NHK သတင်းမှာ ဖော်ပြပါတယ်။
ကတ်ကြေး ပျောက်ဆုံးနေပေမဲ့ စနေနေ့နှောင်းပိုင်းမှာ လေဆိပ်မှာ လေကြောင်းခရီးစဉ်တွေကို ပြန်စတင်ခဲ့ပါတယ်။
နောက်ဆုံးတော့ သြဂုတ် ၁၈ ရက် တနင်္ဂနွေနေ့မှာ ဝန်ထမ်းတဦးက ကတ်ကြေးကို စတိုးဆိုင်မှာ တွေ့ရှိခဲ့ကြောင်း NHK ကနေ ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံတဝန်း လူအများအပြား သူတို့ရဲ့မိသားစုနေအိမ်တွေဆီ ပြန်သွားကြတဲ့ အိုဘွန်ပွဲတော်အပြီးမှာ ခရီးသည်အများအပြား အိမ်ပြန်လာကြချိန်မှာ လေကြောင်းခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့ရတာပါ။
Source-Reuters