တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ ဒေသခံတွေဟာ လေကြောင်းနဲ့ ခရီးသွားလာတဲ့အခါ ထောက်ခံချက်ရဖို့အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေထံ ငွေကြေးပေးဆောင်နေရတယ်လို့ ခရီးသွားပြည်သူတွေဆီမှ သိရပါတယ်။
မြိတ်မြို့နယ်အတွင်းရှိ ပြည်သူတွေ (ဝန်ထမ်းမဟုတ်သူ) လေယာဉ်လက်မှတ်ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ပါမှသာ ရောင်းချပေးဖို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန (မြိတ်လေဆိပ်) က ဇန်နဝါရီ ၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
“ထောက်ခံစာက ရပ်ကွက်အပေါ်မူတည်ပြီး အနည်းဆုံး ပိုက်ဆံ ၃ ထောင်မှ ၁ သောင်းအထိ ပေးရတယ်။ အုပ်ချုပ်ရေးမှူးရုံးကလည်း ဘယ်သွားမယ် ဘာလုပ်မလို့လဲဆိုပြီး မေးတာတွေတော့ ရှိတယ်” လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။
လေကြောင်းဖြင့်ခရီးသွားသူတွေက ထောက်ခံစာမပါရင် မြိတ်လေဆိပ်မှာရှိတဲ့ ရဲတွေက စစ်ဆေးတာအပြင် ပိုက်ဆံတောင်းတာတွေပါ ကြုံနေရတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
လေယာဉ်လက်မှတ် ရောင်းနေသူတဦးက “ကျမတို့က ထောက်ခံချက်မပါဘဲ ရောင်းလို့ရတယ်။ လေယာဉ်စီးတဲ့အခါ ခရီးသည်မှာ ထောက်ခံစာမပါရင် လေယာဉ်ပေါ် မတက်ခိုင်းတာတို့ လုပ်မယ်ပြောထားတော့ အကုန်းလုံးက ကြောက်ပြီး ထောက်ခံစာ လူတိုင်းလိုလို ယူကြတယ်” လို့ ပြောပါတယ်။
အခုလ ဖေဖော်ဝါရီ ၂၉ ရက်အထိ မြိတ်-ရန်ကုန် Air KBZ လေယာဉ်လက်မှတ် အနိမ့်ဆုံးဈေးမှာ ကျပ်ငွေ ၂၈၀၅၀၀ ဖြစ်ပြီး လာမယ့် မတ် ၁ ရက်နေ့ကစပြီး Air KBZ လေယာဉ်လက်မှတ် အနိမ့်ဆုံးဈေးမှာ ကျပ်ငွေ ၃၀၀၅၀၀ ဖြစ်တော့မယ်လို့ လေယာဉ်လက်မှတ် ရောင်းနေသူတွေဆီက သိရပါတယ်။