ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လေဆိပ်ကနေ အတက်အဆင်းလုပ်တဲ့ လေယာဉ် ခရီးစဉ်အားလုံးကို ဒီနေ့ မတ် ၉ ရက် နေ့က စတင်ပြီး ရပ်နားလိုက်တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ကနေ ရန်ကုန်၊ မန္တလေး၊ ပူတာအိုမြို့ အပါအဝင် တခြားမြို့တွေကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်တာလို့ လေယာဉ်ကွင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မြစ်ကြီးနား လေယာဉ်ကွင်းနဲ့ နီးစပ်သူတယောက်က “မနက်ပိုင်းကတည်းက လေယာဉ်အတက် အဆင်း မရှိတော့ဘူးဆိုတာ သိရတယ်။ ဒီနေ့က စပြီး ရပ်နားလိုက်တာ။ ရောင်းပြီးသား လက်မှတ်တွေလည်း အားလုံး cancel (ဖျက်သိမ်း)ပါ။ ဘယ်နှစ်ရက် ပိတ်မလဲ ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။
မြစ်ကြီးနားလေဆိပ် ဝန်ထမ်းတွေကို မေးမြန်းစုံစမ်းခဲ့ပေမဲ့ လေယာဉ် ခရီးစဉ်တွေ ဘာကြောင့် ရပ်နားရတယ်ဆိုတာကိုတော့ မသိရပါဘူး။
ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ စစ်ရေးတင်းမာကာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက် တိုက်ပွဲတွေဖြစ်ပွားနေပြီး မတ် ၇ ရက်နေ့က စလို့ ဗန်းမော်လေဆိပ်ကိုလည်း ရက် အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။
ကေအိုင်အေ ပူးပေါင်းတပ်တွေရဲ့ ကချင်ပြည်နယ်ထိုးစစ်အတွင်း မတ် ၈ ရက် မနေ့ နေ့လယ်ပိုင်းက ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ အကြီးဆုံး ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ဒီနေ့ မတ် ၉ ရက်နေ့မှာလည်း ပူတာအိုခရိုင်ထဲက ဆွမ်ဘရာမြို့နယ်၊ မလိယာန်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ထားပြီလို့ သိရပါတယ်။