ဂရိနိုင်ငံအတွင်း နိုင်ငံခြားပုဂ္ဂလိကတက္ကသိုလ်တွေကို ဖွင့်လှစ်ခွင့်ပြုမယ့် ဥပဒေမူကြမ်းကို ပါလီမန် မှာ မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေချိန် မတ် ၈ ရက်က ထောင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ အေသင် မြို့လယ်မှာ ချီတက်ခဲ့ကြပါတယ်။
ဂရိဝန်ကြီးချုပ် ကီရီယာကော့စ် မစ်ဆိုတာကိစ် က ဒီဥပဒေမူကြမ်းဟာ ဒေသတွင်းအဆင့်မြင့် ပညာရေးအတွက် မြေပုံပေါ်မှာ ဂရိနိုင်ငံကို ထားရှိမှာဖြစ်ပြီး နိုင်ငံရပ်ခြားမှ ကျောင်းသားတွေကို ဒီနိုင်ငံမှာ ပညာသင်ခွင့်ပြုမယ့်အကြောင်းကို မဲခွဲမဆုံးဖြတ်မီ သောကြာနေ့က လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။
ကျောင်းသားတွေ၊ ဆရာတွေနဲ့ တက္ကသိုလ်ဝန်ထမ်းတွေဟာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို သီတင်းပတ်တွေချီ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပေမယ့် ဝန်ကြီးချုပ် မစ်ဆိုတာကိစ်က ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့တဲ့အတွက် ဒေါသတွေပေါက်ကွဲခဲ့ပြီး အေသင် မြို့လယ်မှာ ဆန္ဒပြသူတွေဆီ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ကို ဂရိကျောင်းသားတွေက လည်း ဓာတ်ဆီဗုံးတွေနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။
အစိုးရတက္ကသိုလ်တွေမှ ဘွဲ့ဒီဂရီတွေက တန်ဖိုးလျော့ကျကုန်မှာဖြစ်ပြီး လူထုပညာရေးအတွက် သုံးစွဲမယ့် နိုင်ငံတော်ထောက်ပံ့ငွေကိုလည်း လျှော့ချလိမ့်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီဥပဒေမူကြမ်းကို ပယ်ဖျက်သင့်တယ်လို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။
ဒါ့အပြင် ခက်ခဲတဲ့ အလုပ်အကိုင်ဈေးကွက်မှာ ထပ်လောင်းပြိုင်ဆိုင်မှုတွေကြောင့် ကျောင်းသား တွေက စိုးရိမ်နေကြပါတယ်။
ကွန်ဆာဗေးတစ်အစိုးရဟာ ထိုင်ခုံနေရာ ၃၀၀ ရှိတဲ့ ဥပဒေပြုလွှတ်တော်မှာ လွှတ်တော်အမတ် ၁၅၈ ဦးကို ထိန်းချုပ်ထားတာကြောင့် ဥပဒေကြမ်းကို အတည်ပြုနိုင်ဖွယ်လည်း ရှိနေပါတယ်။
Source/Photo - Reuters