စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဒီနေ့ တိုက်ပွဲဖြစ်နေပြီး ထိုမာရွာနဲ့ သာယာကုန်းရွာဘက်ကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုမာရွာကနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ ကလေးမြို့တွင်းတပ်ကနေ Mi 35 နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ထိုမာရွာနဲ့ သာယာကုန်းရွာဘက်ကို လာရောက်ပစ်ကူခဲ့တာလို့ ဆိုပါတယ်။
ထိုမာရွာသူတယောက်က “ရွာမြောက်ပိုင်းက နေအိမ်တွေကို မီးရှို့နေတာ။ ကျမတို့အိမ်ကလည်း ရွာမြောက်ပိုင်းကပဲ။ စိတ်ကတော့ညစ်တယ်။ ဒီလိုပဲ တရားနဲ့ဖြေပြီး အားတင်းနေရတယ်။ အိမ်က ဆောက်ပြီးတာမကြာသေးဘူး။ မီးလောင်တဲ့အိမ်က ၁၅လုံးလောက်ရှိနေပြီ” လို့ ပြောပါတယ်။
ထိုမာရွာမှာ နေအိမ် ၃,၀၀၀ ကျော်၊ လူဦးရေ ၁ သောင်းကျော်နေထိုင်တယ်လို့ သိရပြီး ကလေးမြို့နဲ့ ၁၅ မိုင်လောက် ကွာဝေးပါတယ်။
စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲတွေကြောင့် ထိုမာရွာ၊ သာယာကုန်းရွာနဲ့ ထောက်ကြန့်ရွာ စတဲ့ ကျေးရွာပေါင်း ၇ ရွာလောက်က ဒေသခံ ၂ သောင်းဝန်းကျင်ဟာလည်း စစ်ဘေးတိမ်းရှောင် နေကြရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက တိုက်ပွဲတွေရှိရာဘက်ကို ကလေးမြို့ ထောက်ပို့တပ်နဲ့ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေပြီး လက်နက်ကြီးကြောင့် နေအိမ်တွေလည်း ပျက်စီးထားတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုတွေလည်း ရှိနေပါတယ်။