Home
နိုင်ငံတကာ
အေပက်ဖိုရမ်၌ အစ္စရေး တဦးကို တိုက်ခိုက်ရန် စီစဉ်နေသူ ၂ ဦးကို ပီရူးရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
March 9, 2024
peru world 932024

ပီရူးရဲတပ်ဖွဲ့ဟာ အခုနှစ်နှောင်းပိုင်းမှာ အန်ဒီယမ်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကော်ပိုရေးရှင်း(APEC)မှာ အစ္စရေး ပုဂ္ဂိုလ်တယောက်ကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အီရန်နိုင်ငံသား တဦးနဲ့ ပီရူးနိုင်ငံသား တဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပီရူးရဲတပ်ဖွဲ့က မတ် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

မတ်လအစပိုင်းက ပီရူးနိုင်ငံကိုရောက်ရှိလာတဲ့ အီရန်နိုင်ငံသား တဦးနဲ့ ပတ်သက်ပြီး အကဲဆတ်တဲ့ အချက်အလက်တွေကို နိုင်ငံတကာထောက်လှမ်းရေး အေဂျင်စီတွေနဲ့ ညှိနှိုင်းကာ စုံစမ်းစစ်ဆေးမှု အပြီး မတ် ၇ ရက်က ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ ပီရူးရဲချုပ် အော်စ်ကာ အာရီယိုလာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အသက် ၅၆ နှစ်ရှိ မာဂျစ်ဒ် အဇီဇီလို့ ဖော်ထုတ်သိရှိရတဲ့ အီရန်နိုင်ငံသားဟာ ပီရူးအမျိုးသမီးနဲ့ လက်ထပ်ထားပြီး ပီရူးနိုင်ငံသား အဆင့်အတန်းကို ရရှိနေတဲ့ အဲဒီအီရန်နိုင်ငံသားဟာ အစ္စရေး အမျိုးသား တဦးကို သုတ်သင်ရှင်းလင်းဖို့ အကြမ်းဖက်ဆဲလ်တွေ ဖွဲ့စည်းပြီးလို့ ဒီနေ့ပဲ အီရန်နိုင်ငံကို ပြန်ဖို့ စီစဉ်ထားတာကြောင့် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်ခဲ့ရတာပါလို့  ရဲချုပ် အာရီယိုလာက ပြောဆိုပါတယ်။ 

သူတို့မှာ ပစ်မှတ်ကြီးကြီးမားမား ၂ ခု ရှိနေပြီး အဲဒါတွေက အစ္စရေးတယောက်၊ မြောက်အမေရိကမှ တယောက်နဲ့ အခြေခံအဆောက်အဦတွေလည်း ပါဝင်နေကြောင်း ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ ပစ်မှတ်ထားခံရမယ့် အစ္စရေးလူမျိုးကို အာဏာပိုင်တွေ ဖော်ထုတ်သိရှိခဲ့ပေမဲ့ လုံခြုံရေးအကြောင်းပြချက်ကြောင့် သူ့အမည်ကို မထုတ်ပြန်ခဲ့ကြောင်း ရဲချုပ် အာရီယိုလာ က ပြောကြားခဲ့ပါတယ်။ 

ဒီခြိမ်းခြောက်မှုမျိုးက ပီရူးကိစ္စမှာတင် မဟုတ်ဘဲ APEC ကို စီစဉ်တဲ့ နိုင်ငံတွေအပေါ်မှာ အမြဲတမ်း ခြိမ်းခြောက်မှုတွေ ရှိနေတာဖြစ်ပြီး အစည်းအဝေးရလဒ်တွေအပေါ် အခွင့်အရေးယူ အမြတ်ထုတ်ဖို့ အရိပ်အယောင်ပြ လုပ်ဆောင်နေတာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒါပေမယ့်လည်း ဒီခြိမ်းခြောက်မှုတွေက APEC အစည်းအဝေးကို သက်ရောက်မှုရှိမယ် မထင်ကြောင်းလည်း ပြောသွားပါတယ်။  

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013