ဧရာဝတီတိုင်းမှာ စစ်တပ်ကအာဏာသိမ်ပြီးနောက် လျှပ်စစ်မီး ပြတ်တောက်ချိန်ပိုမိုကြာ မြင့်လာတာကြောင့် အထည်ချုပ်လုပ်ငန်းတွေအပါအဝင် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ လျှပ်စစ်မီးလာတဲ့အချိန် ၁ ရက်မှာ ၁ နာရီ၊ ၂ နာရီဝန်းကျင်လောက်ပဲလာပြီး အဲဒီအချိန်အတွင်းပဲ အလုပ်လုပ်နေရတာ ၁ နှစ်ကျော်နေပြီလို့ အသေးစားလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ပုသိမ်မြို့ခံ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တယောက်က “အရမ်းအရေးကြီးတဲ့ အော်ဒါတွေရမှ မီးစက်ကိုအသုံးပြုရမှာပေါ့။ အမြဲတမ်း မီးစက်မသုံးနိုင်ဘူးလေ၊ ဆီဈေးနဲ့ ကျနော်တို့ ရတာနဲ့က ဘယ်လိုမှ မကိုက်ဘူး။ မီးလာတဲ့ အချိန်အတွင်းမှာပဲ အသည်းအသန်လုပ်ရတာပေါ့။ အချိန် ၁ နှစ်ကျော်လာပြီ၊ လုပ်ငန်းက အဆင်ပြေပြေ မလုပ်ရတာဘူး။ ဒီအတိုင်းဆို အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။
လုပ်ငန်းတွေ မိတ်မပျက်အောင်ပဲ လုပ်ကိုင်လည်ပတ်နေရပြီး မီးစက်ကို အသုံးပြုနေရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေဟာ အရင်ထက် ၃ ဆကျော်ကျော် အထိ ကုန်ကျလာတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
အသေးစား အထည်ချုပ် လုပ်ငန်းရှင်တယောက်က “အထည်ချုပ် စက်ရုံတွေမှာလည်း မီးလာတဲ့အချိန်မှပဲ အလုပ်ကို စတင်လုပ်ကိုင်နေကြရတယ်။ အလုပ်က မီး အခက်အခဲကြောင့် အတော်ခက်ခဲနေတယ်။ အရေးကြီးတဲ့ကုန်ပစ္စည်းတွေကို မီးစက်နဲ့ လုပ်ရတော့လည်း မီးစက်ကို အားကိုးလို့ မရဘူးဖြစ်နေတယ်။ အခုဆီဈေးတွေနဲ့က မီးစက်ကို အချိန်ပြည့်မသုံး နိုင်ဘူး။ ကိုယ့်လုပ်ငန်း အဆင်ပြေစေရေး၊ ကိုယ့်ကို မှီခိုနေသူတွေ အဆင်ပြေစေဖို့အရေး တောင့်ခံ လုပ်ခဲ့တာ။ အခုတော့မတတ် နိုင်တော့ဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ လျှပ်စစ်အား အချိန်ပြည့်မရရှိတဲ့ အတွက်ကြောင့် ရေသန့်လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ ဆန်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ ရုံးလုပ်ငန်းတွေမှာ အခက်အခဲ အကျပ်အတည်းတွေ ကြုံနေကြရတာပါ။
ဒါ့အပြင် လုပ်ငန်းရှင်တွေအအနေနဲ့ လျှပ်စစ်မီးကို အချိန်ပြည့်မရတဲ့အတွက် လုပ်ငန်းတွေ အခက်အခဲဖြစ်နေတယ်လို့ သက်ဆိုင်ရာကို တင်ပြထားတာတွေရှိပေမယ့်လည်း စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနတွေကတော့ လျှပ်စစ်မီးကို အချိန်အပိုင်းခြားနဲ့ သာပေးနေတယ်လို့ ဆိုပါတယ်။