ရီပတ်ဘလီကန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ သေချာသွားပြီဖြစ်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ ချွေးမဖြစ်သူနဲ့ တခြား သူ့မဟာမိတ် တဦးကို ရီပတ်ဘလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာကော်မတီရဲ့ ဥက္ကဋ္ဌနဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် မတ် ၈ ရက်မှာ ခန့်အပ်နိုင်ခဲ့ပါတယ်။
ထရမ့်ဟာ အမှု ၄ မှုမှာ ပြစ်မှုဆိုင်ရာစွဲချက် ၉၁ ချက်အပြင် နစ်နာကြေးစုစုပေါင်း ဒေါ်လာသန်း ၅၀၀ ကျော်အထိ တောင်းခံထားတဲ့ တရားမမှုတွေနဲ့ပါ ရင်ဆိုင်နေရချိန်မှာ ချွေးမဖြစ်သူ လာရာထရမ့်က သူ့ယောက္ခမရဲ့ တရားစရိတ်တွေကို ကော်မတီရန်ပုံငွေနဲ့ ပေးသင့်တယ်ဆိုတာကို အဆိုပြုထားသူဖြစ်ပါတယ်။
ဟူစတန်မှာကျင်းပတဲ့ ကော်မတီအစည်းအဝေးမှာ မြောက်ကာရိုးလိုင်းနားပြည်နယ် ရီပတ်ဘလီကန်ပါတီ ဥက္ကဋ္ဌ မိုက်ကယ်ဝှပ်တလေနဲ့ လာရာထရမ့်တို့ကို ဥက္ကဋ္ဌ နဲ့ ပူးတွဲ ဥက္ကဋ္ဌတွေ အဖြစ် မဲပေးရွေးချယ်ပြီး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
အမျိုးသား တဦး၊ အမျိုးသမီး တဦး ပူးတွဲခန့်အပ်တဲ့ ပါတီကော်မတီဥက္ကဋ္ဌ နှစ်ဦးဟာ ပါတီ ခေါင်းဆောင် သဘောမျိုး မဟုတ်ဘဲ ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေး ဦးဆောင်ရသူတွေ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေ မဲလာပေးကြဖို့နဲ့ ရန်ပုံငွေရှာဖွေဖို့ရာ တာဝန်ယူရတာ ဖြစ်ပါတယ်။
Source/Photo - Reuters