ရှေးပဝေသဏီမှစ၍ ဥပဒေသီအိုရီများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အတွေးအခေါ်ပိုင်း ကိစ္စရပ်များသည်လည်း ပိုမိုနက်ရှိုင်း သိမ်မွေ့လာခဲ့သည်။ သို့ဖြစ်ရာ ဥပဒေပညာရှင်များ အတွက်လည်း ပို၍ ခေါင်းစားစရာ ဖြစ်လာစေသည်။ ယင်းအတွေးအခေါ်ပိုင်းဆိုင်ရာ ပြဿနာပေါင်း သောင်းခြောက်ထောင်အနက် အဓိကကျသော မေးခွန်းကြီးသုံးခု ရှိခဲ့သည်။ ဥပဒေသည် မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း။ ဥပဒေများကို ကာလ၊ ဒေသ၊ ပယောဂ မရွေး အသုံးချနိုင်ပါသလော။ ဥပဒေကို မလိုက်နာဘဲနေရန် ကိုယ်ကျင့်ဆိုင်ရာ အကြောင်းပြချက်များ ရှိပါသလော။
သဘာဝဥပဒေသီအိုရီသည် ယင်းပြဿနာသုံးမျိုးကို ဖြေရှင်းဖို့ ကြိုးပမ်းရင်း ပေါ်ထွက်လာသည်ဟု ဆိုနိုင်သည်။ သဘာဝဥပဒေသီအိုရီအရ လောကတွင် သဘာဝတရားအရ စွဲမြဲခိုင်မာနေသော စည်းမျဥ်းအစုအဝေးများ ရှိသည်ဟု ယုံကြည်ကြသည်။ ဘာသာရေးပညာရှင် သောမတ်စ်အကွီနပ်စ် ကလည်း သဘာဝဥပဒေများသည် ဘုရားသခင်က ပြဋ္ဌာန်းထားပေးသည့် ဥပဒေအမိန့်များ ဖြစ်သည်ဟု ဆိုသည်။ ယင်းအယူအဆအရ ဆက်လက်ရပ်ခံသည်မှာ လူတို့ပြုလုပ် ပြဋ္ဌာန်းထားသော ဥပဒေများ တရားမျှတမှု ရရှိစေဖို့အတွက် သဘာဝတရားဥပဒေဆိုင်ရာ နိယာမများနှင့် ကိုက်ညီရမည် ဖြစ်သည်ဟု ထပ်လောင်း ဆိုကြပါသည်။
ဆင်ခြင်ဉာဏ်နှင့် ကိုယ်ကျင့်သီလ
သဘာဝဥပဒေသည် အရစ္စတိုတယ်တို့လက်ထက် ဘီစီ ၄ ရာစုကတည်းက စတင်ပေါ်ပေါက်နေပြီ ဖြစ်သည်။ “Politics” အမည်ရှိ သူ၏ကျမ်းတွင် အရစ္စတိုတယ်က ဥပဒေဆိုသည်မှာ ဆင်ခြင်တုံတရားလည်းဖြစ်သည်။ လူ့အဖွဲ့အစည်းတခု ကောင်းစွာ ဖွဲ့စည်းတည်ရှိနိုင်ရန် ကျိုးကြောင်းကျစွာ အားထုတ်မှု၏ အစိတ်အပိုင်းတရပ်လည်း ဖြစ်သည်ဟု ဆိုထားသည်။ ရောမနိုင်ငံရေးသမားလည်းဖြစ်၊ ရှေ့နေလည်းဖြစ်သူ စီစရို ကလည်း လောကတွင် ပျော်ရွှင်ချမ်းသာရရှိရန် အကောင်းဆုံးနည်းမှာ ကိုယ်ကျင့်သီလနှင့်အညီ နေထိုင်ခြင်းဖြစ်ပြီး ယင်းသို့နေထိုင်စေရန် သဘာဝဥပဒေကသာ ထောက်ကူစေမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပေသည်။ အလယ်ခေတ်တွင် ရှင်ဩဂတ်စတင်း တို့လို ခရစ်ယာန် ဘာသာရေး စာရေးဆရာများက ထိုအယူအဆများကို ဖွံ့ဖြိုးစေခဲ့သည်။ သူတို့က သဘာဝဥပဒေနှင့် ဆန့်ကျင်သော ဥပဒေ ဆိုသည်မှာ တရားမျှတမှု မရှိနိုင်သလို ထိုဥပဒေများကိုလည်း လိုက်နာစရာမလိုကြောင်း ဖော်ထုတ်ခဲ့ကြသည်။
အေဒီ ၁၃ ရာစုတွင် သောမတ်စ် အကွီနပ်စ် ဆိုသည့် သူတော်စင်တပါးက သူ၏ Summa Theologica ကျမ်းတွင် ယခင်က ရှိနှင့်ပြီးသား သဘာဝဥပဒေဆိုင်ရာ အချက်အလက်များကို စုစည်းကာ တည်းဖြတ်ပြင်ဆင်ပေးခဲ့သည်။ သူက ဥပဒေကို လေးမျိုးခွဲခြားထားသည်။ (၁) အရာအားလုံးထက် သာလွန်သော ဘုရားသခင်၏ စကြာဝဠာဆိုင်ရာ ထာဝရဥပဒေ၊ (၂) လူသားအားလုံးကို ကယ်တင်ခြင်း၊ ဖန်ဆင်းခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ဥပဒေ၊ (၃) ဘုရားသခင်နှင့် လူသားကြား ဆက်သွယ်ထားရှိသော သဘာဝဥပဒေနှင့် (၄) လူလုပ်ဥပဒေဟူ၍ သတ်မှတ်ခဲ့သည်။ သူက ထပ်မံရှင်းလင်းထားသည်မှာ သဘာဝဥပဒေဆိုသည်မှာ လူသားတို့၏ ဆင်ခြင်နိုင်စွမ်းနှင့် ကောင်းမွန်မှုတို့အပေါ် အခြေခံကာ ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ လူလုပ်ဥပဒေမှာမူ သီးခြားအခြေအနေ အကြောင်းအရာများအပေါ် မူတည်ကာ ရေးဆွဲထားခြင်းဖြစ်ပြီး အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည့် ဥပဒေဟု ဖော်ပြခဲ့ပါသည်။ ထိုမျှမက လူလုပ်ဥပဒေသည် သဘာဝဥပဒေ၏ အနှစ်သာရများနှင့် ကိုက်ညီရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက တရားမျှတမှုလည်းမရှိဟု သူက ယူဆခဲ့သည်။
သဘာဝတရားဥပဒေနှင့် တရားမျှတမှု
သောမတ်စ် အကွီနပ်စ်က သဘာဝဥပဒေရော လူလုပ်ဥပဒေပါ လူအများ၏ ကောင်းကျိုးကို ဦးတည်ရမည်ဟု ဆိုသည်။ သို့တိုင် သူ၏ တချို့သော အယူအဆများက ယနေ့ခေတ်အမြင်အရ အခြေအမြစ် မဲ့နေသည်ကို တွေ့ရှိနိုင်သည်။ ဥပမာ - ကျွန်စနစ်သည် သဘာဝဥပဒေနှင့်အညီ တည်ရှိရမည်ဟု ယူဆကာ ဘုရားသခင် အလိုတော်အတိုင်း စီမံထားသော လူမှုဝါစဥ်များကိုလည်း ထောက်ခံအားပေးခဲ့သည်။ သို့ပါသော်လည်း ယုတ်မာဆိုးယုတ်မှုကြီးများ မဖြစ်အောင် တားဆီးပေးနိုင်ပါမှ ထိုအခြေအနေများက တရားဝင်သည်ဟု သူက ဆိုခဲ့သေးသည်။
သောမတ်စ် အကွီနပ်စ်၏ သဘာဝဥပဒေဆိုင်ရာ အယူအဆများမှာ သူကွယ်လွန်သွားသည့်တိုင် သြဇာကြီးမားလျက် ရှိပေသည်။ မင်းဆိုးမင်းညစ်များကို ဖြုတ်ချပိုင်ခွင့်နှင့် “တရားသောစစ်” ၏ သီအိုရီများအပေါ် များစွာ အကျိုးသက်ရောက်စေခဲ့သည်။ သူ၏ အယူအဆတို့မှာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ကမ္ဘာလုံးဆိုင်ရာ အယူအဆအဖြစ် ၂၀ ရာစုတွင် အသစ်တဖန် ပေါ်ထွက်လာခဲ့သည်။ အစိုးရ၏ မမျှတသော ဥပဒေများကို ဆန့်ကျင်ရာ၌ “သဘာဝတရားမျှတမှု” အယူအဆများမှာ ၂၁ ရာစုတိုင်အောင် အားကိုးအားထားပြုနေကြသည်ကို တွေ့ရှိနိုင်ပေသည်။
သပြေညို