ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို လေယာဉ်နဲ့ပြန်မယ့် လူငယ် အယောက် ၂၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က မတ် ၈ ရက် မနက်ပိုင်းက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးသွားပြီး ရွှေပြည်သာစစ်ကြောရေးကို ပို့ဆောင်လိုက်ကြောင်း ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ရန်ကုန်မှ သံတွဲကို လေယာဉ်နဲ့ မနေ့ မနက် ၆ နာရီမှာပြန်ကြမယ့် အသက် ၂၅ နှစ်မှ ၃၀ နှစ်ကြားရှိ အမျိုးသား အမျိုးသမီး အယောက် ၂၀ ဝန်း ကျင်ကို လေဆိပ်မှာစစ်တပ်က ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ရန်ကုန်ကို ဆေးလာကုသူတွေလည်းပါဝင်ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူပြီး သံတွဲကိုပြန်ဖို့ ဆေးရုံဆေးမှတ်တမ်းနဲ့ ရပ်ကွက်ထောက်ခံစာတွေပါရှိပေမဲ့ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
“ရန်ကုန်မှာ ဆေးရုံမှာ ဆေးကုပြီး နေရပ်ပြန်ချိန် မနေ့ကလေဆိပ်မှာ စစ်တပ်ကဝင်ဖမ်းသွားပြီး လေဆိပ်ရုံးခန်းထဲမှာ ၁ နာရီလောက်ခေါ်ထားတာ။ အဲဒီ့နောက် လေဆိပ်ကနေ ရွှေပြည်သာစစ်ကြောရေးကို ကားနဲ့ခေါ်သွားတာ အခုထိအဆက်အသွယ်မရသေးဘူး။”
ဒါ့အပြင် ရန်ကုန်မှ ရခိုင်ကိုပြန်မယ့် ခရီးသည်တင်ကား ၃ စီးမှ လူ ၁၀၀ ကျော်ကိုလည်း ရွှေပြည်သာစစ်ဆေးရေး ဂိတ်မှာတားဆီးပြီး လူငယ်တွေကိုဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
တချို့ကိုတော့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ မဆက်သွယ်ဖို့ ခံဝန်ကတိထိုးခိုင်းကာ ရန်ကုန်ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။