မန္တလေး၊ အောင်မြေသာဇံမြို့နယ် ၂၂ လမ်း×ကန်ပတ်လမ်းပေါ်မှာရှိတဲ့ မန်း-မတ္တရာ ရွှေကျင်တိုးဂိတ်အပါအဝင် ထိန်းချုပ်ထားတဲ့ CCTV မိန်းဆာဗာ အထိုင်ပုံးကို မတ်လ ၇ ရက် မနက်ပိုင်းက ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်လို့ AST ရွှေတောင်ပံစစ်ဆင်ရေး တာဝန်ရှိသူက ပြောပါတယ်။
မန္တလေးမြို့ပေါ်က CCTV မိန်းဆာဗာနေရာကို ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် အထိုင်ပုံး အုတ်ခုံကြေမွပြီး ကြိုးအကုန်ပြုတ်ထွက်ကာ ပျက်စီးကုန်တယ်လို့ စစ်ဆင်ရေးတာဝန်ရှိသူကပြောပါတယ်။
အဲဒီလို ဖောက်ခွဲခံရပြီးတဲ့နောက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ရောက်လာပြီး ဓာတ်ပုံရိုက်ယူသွားတယ်လို့လည်း ဆိုပါတယ်။
CCTV မိန်းဆာဗာအနီးမှာ အမြဲတမ်း စောင့်ကြည့်နေတဲ့ လုံခြုံရေးကင်းရှိပေမယ့် အလစ်ငိုက် ဝင်ရောက် ဖောက်ခွဲခဲ့တာကြောင့် ပြန်လည် တိုက်ခိုက်နိုင်တာ မရှိဘူးလို့လည်း ပြောပါတယ်။
တော်လှန်ရေး ကာလတလျှောက်လုံး CCTV ဟာ မြို့ပြပြောက်ကျား ရဲဘော်တွေအတွက် ဒုက္ခအပေးဆုံးနဲ့ အန္တရာယ်အကြီးမားဆုံးဖြစ်ပြီး ရန်သူအတွက် နားမျက်လုံးတွေ ဖြစ်တာကြောင့် အခု မစ်ရှင်အတွက် အချိန်အတော်ကြာကြာ လေ့လာစုံစမ်းခဲ့ ရတယ်လို့လည်း စစ်ဆင်ရေး တာဝန်ရှိသူက တဆင့် သိရပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲ မဲစာရင်းကို အကြောင်းပြပြီး ၂၀၂၃ ခုနှစ် မတ်လကစတင် နိုင်ငံသားတွေကို စမတ်ကတ်တွေလုပ်ခိုင်းကာ ကိုယ်ရေးအချက်အလက်တွေယူထားပြီး လူငယ်တွေရဲ့ လှုပ်ရှားမှုတွေ ရပ်ကွက်အဝင်အထွက်တွေကို CCTV တွေကနေ စောင့်ကြည့် ဖမ်းဆီးတာတွေလည်း ရှိပါတယ်။