ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၃၅၅ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေက မတ် ၈ ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်း ရရှိခဲ့ပါတယ်။
ကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြဝတီခရိုင်တခုလုံးမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ် ၇ ရက် မွန်းလွဲ ၁၂ နာရီလောက်ကစတင်ပြီး မြဝတီ-ကော့ကရိတ်(အာရှ)လမ်းမကြီးအနီးက စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ရင်းနဲ့ ၃၅၆ တပ်ရင်းတွေကို (KNLA)၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။
သင်္ဃန်းညီနောင်မြို့သစ် အောက်ချိုင့်ရပ်ကွက်မှာ မတ် ၈ ရက် ည ၁၀ နာရီလောက်က အိမ်ခြေ ၁၀ လုံး ကျော် မီးလောင်သွားပြီး ဘယ်ကနေစတင် မီးလောင်သလဲဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီလေတပ်ကလည်း မြဝတီမြို့အနီး ပြည်သူနေထိုင်ရာ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေလို့ အရပ်သားတွေ သေဆုံးမှုရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ် ၈ ရက် မွန်းလွဲ ၁၂ နာရီလောက်က မြဝတီမြို့အနောက်ဘက် ၃ မိုင်ခန့်အကွာ သင်္ဃန်းညီနောင်အပိုင်ရှိ သက်ကြီးရွယ်အို ဘိုးဘွားရိပ်သာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားလို့ ဘိုးဘွား ၃ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားပါ တယ်။